“အမေတွေ ရှိနေတဲ့ ကာလပတ်လုံး၊ ကမ္ဘာပေါ်မှာ မိခင်တွေ ရှိနေတဲ့ကာလပတ်လုံး၊ ကမ္ဘာကြီးဟာ လှပစိုပြေပြီး အေးချမ်းသာယာနေမှာဘဲလို့ ပြောချင်ပါတယ်” ဟု မြန်မာ့စာနယ်ဇင်းလောကတွင် နာမည်ကျော်ကြား လူသိများသည့် စာရေးဆရာမောင်စိမ်းနီက မိခင်များနေ့ အမှတ်တရ စကားဦးသန်း ပြောဆိုလိုက်သည်။
အသက် ၁၅ နှစ်အရွယ်မှာပင် မွေးမိခင်ဖြစ်သူ ဆုံးပါးသွားခဲ့သော်လည်း ယနေ့ထိတိုင် ကမ္ဘာပေါ်တွင် အမေများရှိနေသည့်အပေါ် ဘယ်သောအခါမှ မသေသည့်အမေများသာ ဖြစ်ကြောင်း အားရကျေနပ်၊ ပီတိအပြည့်ဖြင့် ယခုလို ဆက်လက်ပြောဆိုသည်။
“အမေ မရှိတော့ရင်လည်း အမေကို အနိုင်းမေ့ကျေးဇူးရှင်ပေါ့ဗျာ။ ကမ္ဘာပေါ်မှာ ကိုယ့်မိခင်ကွယ်လွန်သွားပေမဲ့လည်း ကိုယ့်မိခင်နှင့်အတူ ကမ္ဘာပေါ်မှာ အမေတွေ အများကြီးရှိသေးတယ်။ အဲဒီအများကြီးတွေကလည်း တကယ်တော့ အမှန်တရားဘက်မှာ နေတဲ့လူတွေရဲ့ အမေတွေဘဲ။ အဲဒါကြောင့် အမေတွေ အားလုံးကို ဂုဏ်ပြုလိုက်တာ။ ဘယ်တော့မှ မသေတဲ့ အမေတွေဘဲပေါ့ဗျာ” ဟု ဆရာကြီးက ဆိုသည်။
အလားတူ မြန်မာ့စာနယ်ဇင်းလောကတွင် နာမည်ကျော်ကြား လူသိများသည့် အမျိုးသမီး စာရေးဆရာမ နုနုရီ (အင်းဝ) ကလည်း ယခုလို ပူပြင်းသည့် နွေရာသီ မေလမှာပင် မိခင်ဖြစ်သူက ခဲယဉ်းစွာ မွေးဖွားသန့်စင်ပေးခဲ့သည့် အကြောင်း နှောင်းအတိတ်ကို ပြန်လည် ပြောပြသည်။
“ဒီလိုပူတဲ့ မေလမှာ မွေးတယ်ဆိုလို့ရှိရင် ဆရာမ အမေက အရမ်းကို ခံစားခဲ့ရတာပေါ့။ သူတို့တုန်းက အဲဒီခေတ် အင်းဝမှာ မီးလည်း မရှိဘူး။ ပန်ကာတွေလည်း မရှိဘူးဆိုတော့ သူက ဆရာမကို မွေးခါနီးမှာ သောက်ရေအိုးကြီးကို ဖက်ပြီးတော့ နေခဲ့ရတယ်။ သူက အသက်နဲ့ ရင်းပြီးတော့ မွေးခဲ့ရတာ ဆရာမကိုး” ဟု ပြောသည်။
နှစ်စဉ် မေလ ၁၈ ရက်နေ့၊ ဆရာမကြီး မွေးနေ့တွင် မိခင်ဖြစ်သူနှင့် မိခင်နည်းတူ ကြီးပျင်းလာသည့်တိုင် ကြည့်ရှုစောင့်ရှောက်ပေးလာခဲ့သည့် အဖွားဖြစ်သူကို ကျေးဇူးတင်စကား ပြောဆိုလေ့ရှိကာ မိခင် ၂ ဦးစလုံးကို အရိုအသေပေး၊ ကန်တော့လေ့ရှိကြောင်းလည်း သိရသည်။
ထို့အပြင် မိခင်မေတ္တာနှင့် ဂုဏ်ကျေးဇူးများကို မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍ မရသည့်အပြင်၊ ဂုဏ်ပြုဖွဲ့နွဲ့ရန်ပင် စကားလုံး ရှာဖွေရန် အလွန်ခက်ခဲကြောင်း ဆရာမက ဆိုသည်။
“ဆရာမကျတော့ ကလေးမရှိတဲ့အတွက် ကိုယ်ဝန်ဆောင်တဲ့ ဒဏ်ကိုမသိဘူး။ ဒါပေမဲ့လို့ ဒီလောက် သာမန်လူတောင်မှ ဒီလောက်ပူပြီးတော့ နေရထိုင်ရ သိပ်ခက်နေတဲ့အချိန်မှာ ၉ လ ကိုယ်ဝန်ကြီးကို ဆောင်ထားတဲ့ မေ ၁၈ မှာ မွေးခါနီးအချိန်မှာ အရမ်းကို တအားဆိုးမှာပဲ။ တအားပူလောင်မှာပဲ၊ ကျန်တဲ့ ကိုယ်ဝန်ဆောင်တာထက်ကို ပိုဆိုးမှာပဲ ဆိုပြီးတော့ ဆရာမ အမြဲတမ်း တွေးမိပြီးတော့ အမြဲတမ်း ဒီဂုဏ်ကျေးဇူးကို အောက်မေ့တတ်ပါတယ်” ဟု ဆိုသည်။
မိခင်များနေ့ကို လွန်ခဲ့သည့် နှစ်ပေါင်း ၆ဝ ကျော်က အမေရိကန်ပြည်ထောင်စု၊ ဖီလဒဲလ်ဖီးယား(Philadelphia) မြို့ရှိ သာမာန်ကျောင်းဆရာမတဦးဖြစ်သည့် အယ်နာ အန်မ် ဂျာဗစ် (Anna M. Jarvis) က သူမ၏ မွေးမိခင် ကျေးဇူးကို အမှတ်ရမိရာမှ ကမ္ဘာပေါ်ရှိ မာတာမိခင်များကိုပါ ဂုဏ်ပြုလိုသည့်အတွက် ဖြစ်ပေါ်လာသည့် တန်ဘိုးမဖြတ်နိုင်သည့် နေ့ထူး နေ့မြတ်ပင် ဖြစ်သည်။
ကမ္ဘာတဝန်းရှိ မွေးမိခင်များ၏ အနှိုင်းမဲ့မေတ္တာကို အမှတ်ရ၊ ဂုဏ်ပြုလိုသူများက ထိုနေ့တွင် အခွင့်အရေးတရပ်အဖြစ် မိခင်များကို ပန်းစည်းလက်ဆောင်ပေးခြင်း၊ တေးသီချင်းများဖြင့် ဂုဏ်ပြုခြင်း၊ မိသားစု လက်စုံ ညစာ စားခြင်းအပြင်၊ ပျော်ပွဲစားထွက်ခြင်း တို့ကို ပြုလုပ်လေ့ရှိသည်။
မိခင်များနှင် ့အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေကြသော သား၊ သမီးများ အနေဖြင့်လည်း ထိုနေ့မှာပင် မှတ်မှတ်ရရ အဝေးရှိ မိခင်များထံ တယ်လီဖုန်းဆက်ကာ မိခင်များကို နှုတ်ခွန်းဆက်သခြင်းဖြင့်၊ သတိတရ ရှိကြောင်း ပြန်လည် ပြသကြသည်။
နှစ်ပေါင်း ၁ဝ နှစ်ကျော်ကြာ ထိုင်းနိုင်ငံ ရောက်ရှိနေသည့် နန်းထူးစံက အိမ်တွင်ကျန်ရစ်ခဲ့သည့် မိခင်ကို အမှတ်ရမိသည့်အပြင်၊ အဝေးရောက်မှပင် မိခင်မေတ္တာကို တမ်းတမိကာ ပိုမိုတန်ဘိုးထား တတ်လာကြောင်း သူမ ခံစားချက်ကို ယခုလို ပြောပြသည်။
“အမေ့ကို သတိရတယ်။ ရွာမှာနေတုန်းကဆို ဘာဘဲဖြစ်ဖြစ် နေမကောင်းတာဘဲဖြစ်နေ၊ ကိုယ်အဆင်မပြေခဲ့သည်ဖြစ်စေ အနားမှာအမြဲနေပေးပြီး အားပေးလေ့ရှိတယ်။ နွေးထွေးမှုပေးတယ်” ဟု ဆိုသည်။
သူမက ဆက်၍ပြောဆိုရာတွင် “အမေ့ကို အရမ်းချစ်တယ်။ အမေဆိုရင် အဖေထက် ပိုချစ်တယ်။ ပို ဂရုစိုက်တယ်လို့ခံစားရတယ်။ အမေ့အနားမှာနေတုန်းက အမေ ကိုယ့်ကို ချစ်မှန်းမသိဘူး။ ဆိုးချင်တိုင်း ဆိုးခဲ့တယ်။ အခုလိုအဝေးတနေရာမှာရောက်မှ အမေ ကိုယ့်ကို ဘယ်လောက်ချစ်သလဲ၊ အမေ့မေတ္တာတွေ အကြင်နာတွေကို အဝေးရောက်မှ သိတော့ အရမ်းခံစားရတယ်” ဟု လည်း ပြောသည်။
ထိုနည်းတူ ခံယူချက်ကြောင့် တော်လှန်ရေးနယ်မြေကိုရောက်ရှိခဲ့ပြီး၊ ယနေ့ထိတိုင် ကလောင်တချောင်းဖြင့် စစ်အစိုးရ အားနည်းချက်များကို ထောက်ပြ ဝေဖန်သည့် ကာတွန်းဆရာ ဦးဟန်လေးကလည်း မွေးမိခင် ဆုံးပါးသွားသော်လည်း သူမ၏ ဆိုဆုံးမ စကားများ၊ ပုံပြင်များ ယနေ့ထိတိုင် နှလုံးသားတွင် စွဲမှတ်ထင်နေသေးကြောင်း ယခုလို ရင်ဖွင့် ပြောဆိုခဲ့သည်။
“ဒီလိုအမေနေ့ မျိုးမှာဆိုရင် အမေ့ကို အရမ်းသတိရတယ်။ အမေနေ့မဟုတ်လဲ အမြဲတမ်း သတိရနေတယ်။ ကျနော့်အမေတင် မဟုတ်ဘဲ လူတိုင်းရဲ့အမေတွေလဲ အတူတူပဲလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော့်အမေဟာ ကျနော့်အတွက် အရမ်းထူးခြားတယ်။ အသက်ကြီးလာလေ ပိုနားလည်လာလေ။ တကယ့် လူ့ဘဝထဲ ရုန်းကန်ရတဲ့ အချိန်မှ အမေ့ရဲ့အမှာစကားတွေ တကယ်ပဲ ပြောလို့မရလောက်အောင်ကို် တန်ဖိုးကြီးတယ်” ဟု ဆိုသည်။
ဆုံးမစကားများထဲမှ အမှတ်ရမိဆုံးနှင့် ထိမိသည့် နှိုင်းယှဉ်ပြောဆိုချက်တခုကိုလည်း အခုလို ပြန်လည် အမှတ်ရ ပြောဆိုခဲ့သည်။
“သားတဲ့..မင်းကြီးလာရင် အိမ်ထောင်မများနဲ့တဲ့။ ဘာကြောင့်လည်းဆိုရင် ပထမ အိမ်ထောင်ရှိရက်သားနဲ့ နောက်အိမ်ထောင်ပြုရင် နှစ်ယောက်စလုံးရဲ့အချစ်ကိုဆုံးရှုံးသွားမယ်။ သားသမီးတွေရဲ့မေတ္တာကိုလဲ ဆုံးရှုံးသွားမယ်” ဟု ဆိုသည်။
ထို့အပြင် ထိုင်းနိုင်ငံကို ဆယ်ကျော်သက်အရွယ်တွင် စတင်ရောက်ရှိကာ အလုပ်လုပ်ကိုင်နေသူ အားမီမှလည်း မိခင်များနေ့၊ ဘုရားရှစ်ခိုးကျောင်းတွင် လူငယ်များက အမှတ်တရ မိခင်များကို ဂုဏ်ပြုသီချင်း သီဆိုခြင်းများ ပြုလုပ်ကြပုံကို ယခုလို ပြန်လည်ဝေမျှ ပြောဆိုသည်။
“လူငယ်တွေက မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာ၊ သီချင်းတွေ ဆိုပေးတယ်။ အဲသလိုအချိန်မှာ ဝမ်းနည်းတယ်။ မျက်ရည်ကျတယ်။ မိခင်ကို ဆုတောင်းပေးတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်များအားလုံးကို ဆုတောင်းပေးပါတယ်။ ဒီလို အမေများနေ့ရောက်ရင် အဝေးမှာရှိတဲ့ အမေတွေကို သူငယ်ချင်းတွေ၊ လူငယ်တွေက ဖုန်းဆက်ကြတယ်။ ကျေးဇူးတင်ကြောင်း ပြောကြတယ်” ဟု ဆိုသည်။
ယခုအခါ ကမ္ဘာအရပ်ရပ်ရှိ လူမှုအသိုင်းအဝိုင်းက ကိုးလလွယ် ဆယ်လဖွား မိခင်များကိုသာမက၊ မိခင်မေတ္တာအပြည့်အဝနှင့် အနစ်နာခံ၊ ပြုစု စောင့်ရှောက်မှုပေးနေသည့် မာသာထရီဇာကဲသို့ မြင့်မြတ်သည့် စိတ်ထားဖြင့် လောကကို အလှဆင်နေကြသည့် အမေများကိုလည်း အထူးဂုဏ်ပြုခြင်းများ ပြုလုပ်လာကြသည်။
ထို့ကြောင့် ယနေ့တွင် မွေးမိခင်များသာမက ကမ္ဘာပေါ်တွင် ရှိနေသည့် အမေများအားလုံးကို ဆရာကြီး မောင်စိမ်းနီ ၏ တန်ဖိုးမဖြတ်နိုင်သည့် အမှတ်တရ စကားလေးဖြစ်သည့် “ကမ္ဘာပေါ်မှာရှိတဲ့ အမေတွေအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်နိုင်ပါစေ” ဟု ဆိုသတည်း။