ကမ္ဘာ့ရွှေစျေး မြင့်တက်လာမှုနှင့်အတူ မြန်မာ့ရွှေစျေးသည် စံချိန်တင် စျေးနှုန်းအဖြစ် တကျပ်သားလျှင် ကျပ် ၆ သိန်း ၄ သောင်း ၁ ထောင်သို့ ယနေ့ ရောက်ရှိ သွားသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက စံချိန်တင်စျေးနှုန်းအဖြစ် ၆ သိန်း ၁ သောင်း ၃ ထောင်ကျပ်အထိ ရောက်ရှိခဲ့ပြီး ယခုအခါ ယင်းစျေးနှုန်းကို ကျော်ဖြတ်၍ သမိုင်းတလျှောက် မကြံုစဖူးသည့် အမြင့်ဆုံး စျေးနှုန်းသို့ ရောက်ရှိသွားကြောင်း မြန်မာနိုင်ငံ၏ ရွှေစျေးကွက်ကြီး တည်ရှိရာ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဆိုင် များ အဆိုအရ သိရခြင်း ဖြစ်သည်။
“ဒီစျေးနှုန်းက တခါမှ မဖြစ်ဘူးတဲ့ စံချိန်တင် စျေးနှုန်းပါ” ဟု ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းမှ ရွှေဆိုင်ပိုင်ရှင်တဦးက မဇ္စျိမကို ပြောသည်။
မြန်မာ့ရွှေစျေးသည် ယခုနှစ် မတ်လကုန်မှ ဧပြီလဆန်းပိုင်းအတွင်း တကျပ်သားလျှင် ၆ သိန်းကျပ်နှင့် ၅ သိန်း ၉ သောင်း ကြားရှိခဲ့ရာမှ ဧပြီလ နောက်ဆုံးပတ်တွင် ၆ သိန်း ရ ထောင်သို့ မြင့်တက်လာခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာ့ရွှေစျေးနှုန်းမှာ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၅၀ ဝန်းကျင် ပေါက်စျေးရှိသည်။
ထို့နောက် မေလ ၃ ရက်နေ့တွင် ၆ သိန်း ၁ သောင်း ၅ ထောင်စျေးသို့ ရောက်ရှိခဲ့ပြီးနောက် ရက်သတ္တပတ် ၂ ပတ်အတွင်း ကျပ် ၂ သောင်း ၅ ထောင်ကျော် စျေးနှုန်း မြင့်တက်သွားခြင်း ဖြစ်သည်။ ယနေ့ ကမ္ဘာ့ရွှေစျေးနှုန်းမှာ တအောင်စလျှင် ကန်ဒေါ်လာ ၁၂၃၈ ပေါက်စျေးရှိသည်။
ရွှေစျေးတက်ရသည့် အကြောင်းအရင်းနှင့် ယခုစျေးနှုန်းအတိုင်း မည်သည့်ကာလအထိ တည်ရှိနေမည်ကို မခန့်မှန်းနိုင်ကြောင်း ရွေဘုံသာလမ်းမှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။
“အခုက တက်စျေးမိတော့ ရောင်းလိုသူတွေ များကြတယ်။ ဝယ်လိုအားတော့ နည်းပါတယ်။ အရောင်းအဝယ် အေးတယ်။ နယ်က ဝယ်လက်လည်း မဆင်းတော့ဘူး” ဟု သူက ပြောသည်။
ရွှေစျေးမြင့်တက်လာချိန်တွင် ဒေါ်လာစျေးနှုန်း ကျဆင်းလေ့ရှိသည့်အတိုင်း အမေရိကန် ဒေါ်လာလဲနှုန်းမှာ ဧပြီလဆန်းပိုင်းတွင် ၁ဝဝ၅ ကျပ် ရှိခဲ့ရာမှ တဖြည်းဖြည်း ကျပ် ၁ဝဝဝ အောက်သို့ ကျဆင်းလာခဲ့ပြီးနောက် ယခုအပတ်အတွင်း အမေရိကန် တဒေါ်လာလျှင် ၉၉ဝ ကျပ် ဝန်းကျင်တွင် ရပ်တန့်နေသည်။
ယနေ့လဲလှယ်နှုန်းမှာမူ ကန်တဒေါ်လာလျှင် ၉၈၈ ကျပ် ရှိပြီး FEC တဒေါ်လာလျှင် ၉၈၅ ကျပ် (ဝယ်ယူစျေးနှုန်း) ဖြစ်သည်။ ပြန်ရောင်းစျေးမှာ တဒေါ်လာ ၉၉၁ ကျပ်ဖြစ်ပြီး FEC မှာ ၉၉၅ ကျပ် ဖြစ်သည်။
မြန်မာနိုင်ငံ ရွှေစျေးကွက်တွင် တနေ့တာ ရောင်းဝယ်ဖောက်ကားကြမည့် အခေါက်ရွှေစျေးနှုန်းကို ပန်းဘဲတန်းမြိုနယ် ရွှေဘုံသာလမ်းရှိ ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ပေးခြင်း ဖြစ်သည်။
ရွှေဆိုင်ပိုင်ရှင်များသည် အသင်းရုံးသို့သွားရန် မလိုသော်လည်း အသင်းက သတ်မှတ်ပေးသည့် စျေးနှုန်းအတိုင်းသာ ရောင်းချရကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ရွှေစျေးနှုန်းကို ရွှေလုပ်ငန်းရှင်များအသင်း အထက်မြန်မာပြည် (မန္တလေး) နှင့် အောက်မြန်မာပြည် (ရန်ကုန်) တို့က ထိန်းချုပ်ထားသည်ဟု ရွှေလုပ်ငန်း အသိုင်းအဝိုင်းက ဆိုသည်။