ဒေါင်းယောင်ဆောင်သော ကျီးများဟု NDF ကို ဦးဝင်းတင် ပြောဆို

ဒေါင်းယောင်ဆောင်သော ကျီးများဟု NDF ကို ဦးဝင်းတင် ပြောဆို
by -
ဆလိုင်း ဟံသာစန်း
ပါတီမှခွဲထွက်သွားသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ဟောင်းများ အဖြစ် ပြောဆိုသုံးနှုန်းနေခြင်းကြောင့် ပြည်သူများအတွင်း ရှုတ်ထွေးမှု ဖြစ်သွားနိုင်ကြောင်း ”ဒေါင်းယောင် ဆောင်သော ကျီးမျာအဖြစ်” NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြစ်တင်ရှုတ်ချ....

ပါတီမှခွဲထွက်သွားသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ဟောင်းများ အဖြစ် ပြောဆိုသုံးနှုန်းနေခြင်းကြောင့် ပြည်သူများအတွင်း ရှုတ်ထွေးမှု ဖြစ်သွားနိုင်ကြောင်း ”ဒေါင်းယောင် ဆောင်သော ကျီးမျာအဖြစ်” NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြစ်တင်ရှုတ်ချလိုက်သည်။

ရွေးကောက်ပွဲဝင်လိုသည့် NLD အကြီးတန်းခေါင်းဆောင်ဟောင်း ၁၁ ဦးက အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ တည်ထောင်ပြီး မီဒီယာများမှတဆင့် ပြောဆိုစည်းရုံးရာတွင် NLD အမည်ကို အသုံးချနေသည်ဟု စွပ်စွဲလိုက်ခြင်းလည်း ဖြစ်သည်။

NDF ပြောရေးဆိုခွင့် ရှိသူများအဖြစ် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့က တာဝန်ယူထားပြီး ၎င်းတို့က မီဒီယာများတွင် NLD ၏ မပြီးဆုံးသေးသည့် တာဝန်များကို ဆက်လက်ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ညွှန်းဆိုပြောကြားမှုများ ပြုလုပ်ခဲ့သည်။

“သူတို့ပြောတဲ့အထဲမှာ NLD ရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေ၊ ပြည်သူကို ပေးထားတဲ့ ကတိတွေကို ဆက်လက်ဆောင်ရွက်သွားမယ် ဆိုတာမျိုး ပြောနေတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ ကိုယ်ပွားပါတီ မဟုတ်ပါဘူး။ အဲဒီတော့ NLD နာမည်ကို သူတို့ ယူသုံးစရာ မလိုပါဘူး” ဟု NLD ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။

“ကျနော်တို့ ပါတီရဲ့ အလံဟာ ဒေါင်းအလံဖြစ်တယ်။ ဒီလူတွေဟာ ကျနော်တို့ကိုယ်ပွား သဏ္ဍာန်လုပ်ရင်တော့ ဒေါင်းယောင်ဆောင်သော ကျီးပဲ ဖြစ်လိမ့်မယ်။ ဘယ်သူက ကျီး၊ ဘယ်သူက ဒေါင်းဆိုတာ ပြည်သူက သိပါတယ်” ဟု ပြောသည်။

NLD ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းကလည်း NDF သည် NLD ၏ ကိုယ်ပွားပါတီသဖွယ် ပြောဆိုနေခြင်းသည် ပါတီဝင်များနှင့် ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေသည်ဟု ပြောသည်။

“ပါတီက ရွေးကောက်ပွဲကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ထားတာကို ပါတီဝင်တိုင်း လိုက်နာဖို့ တာဝန်ရှိပါတယ်။ အဲဒီတာဝန်တွေကို ချိုးဖောက်ပြီးတော့ ပါတီထောင်သွားတဲ့အပေါ်မှာ ဘာမှမပြောလိုပေမယ့် သူတို့ဘာသာ သီးသန့်လုပ်စေချင်တယ်။ NLD ရဲ့ ကိုယ်ပွားပါတီလိုလို ပြောဆိုသုံးနှုန်းနေတာကို လုံးဝ လက်မခံနိုင်ပါဘူး” ဟု သူက ပြောသည်။

NDF ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေက မိမိတို့ပါတီသည် NLD ၏ ကိုယ်ပွားပါတီမဟုတ်ဘဲ NLD နှင့် မတူညီသော မူဝါဒများဖြင့် တည်ထောင်ထားသည်ဟု ပြောသည်။

NDF က လူထုထောက်ခံမှုဖြင့် ဥပဒေများ ပြန်လည်တည်ဆောက် ပြုပြင်သွားမည့် လူထုအခြေပြု လွတ်လပ်ခွင့်ဝါဒ (Social Liberalism) စနစ်ကို ဖော်ဆောင်ရန် ရည်ရွယ်ထားကြောင်းနှင့် စီးပွားရေးစနစ်တွင် စျေးကွက်ကို အစိုးရက ဥပဒေများဖြင့် ဝင်ရောက်ထိန်းမတ် ပေးနိုင်သည့် စျေးကွက်အခြေပြု ရောပြွမ်းစီးပွားရေးစနစ် ဖော်ဆောင်ရန် ရည်ရွယ်ထားသည်ဟု သူက ပြောသည်။

“NLD ဟာ ၉ဝ ခုနှစ်တုန်းက ပြည်သူလူထုကို ပေးထားခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါကြောင့် အဲဒီမပြီးဆုံးသေးတဲ့ တာဝန်ကို ဆက်သယ်ဖို့ ဘယ်သူတွေက ခိုင်းခိုင်း၊ မခိုင်းခိုင်း ဒီနိုင်ငံရေးတာဝန်ကို ဆက်သယ်မယ်လို့ ပြောဆိုတာပါ” ဟု ဥိီးခင်မောင်ဆွေက ပြောသည်။

NDF ကော်မတီဝင် ၁၇ ဦးရှိရာ NLD ပါတီ ဗဟိုအလုပ်မှုဆောင် CEC အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာဝင်းနိုင်၊ ဗဟိုဦးစီး CC အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးစိုးဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်၊ ဦးတင်အောင်အောင်၊ ဦးတိုးဘို၊ ဦးစိန်လှဦး၊  ဦးစောနန်သီ၊ တို့ပါဝင်ပြီး ကျန်သူများမှာလည်း NLD ပါတီဝင်ဟောင်းများဖြစ်ကြသည်။