စစ်ကိုင်းတိုင်း ကလေးမြို့ လေဆိပ်တိုးချဲ့ရေး စီမံကိန်းအောက်တွင် လယ်မြေအသိမ်းခံရသူ ၅ ဦးက နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လိပ်မူကာ လယ်လုပ်ခွင့်ပြုရန် စာရေးသား တိုင်ကြားလိုက်ကြသည်။
ဒေသအာဏာပိုင်များက ၅ ဦးပိုင် လယ်ဧက ၃၂ ဧကကို လျော်ကြေးပေးဝယ်ရန် လယ်ပိုင်ရှင်များနှှု့် ညှိနှိုင်းနေစဉ် သိမ်းပိုက်လိုက်ပြီး လယ်ပေါ်တွင် လမ်းနှင့် ရေမြောင်း ဖောက်လုပ်နေသည်ကို မကျေနပ်သဖြင့် ပြန်လည်လယ်စိုက်ပျိုးခွင့်ပြုရန် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အသိပေးတိုင်ကြားခဲ့ခြင်း ဖြစ်သည်။
“၅ ဦးသဘောတူ ရေးတယ်။ ၅ ဦး သဘောတူ စိတ်ချရတဲ့ အသိလူကြံုနဲ့ ပါးလိုက်တယ်။ သိမ်းယူသည့် လယ်မြေများကို ပြန်လည်စိုက်ပျိုးနိုင်ရန် တောင်းခံခြင်းလို့ ရေးတယ်။ ဆင်းရဲတဲ့ တောင်သူတွေ ဖြစ်တယ်၊ ဒီလယ်မြေက ကျမတို့ရဲ့ အသက်လည်း ဖြစ်တယ်။ ဒီလယ်ထွက်၊ ဒီလယ်ဆန်ကို စားသူတွေ ဖြစ်တဲ့အတွက် ပြန်လည် စိုက်ပျိုးလိုတဲ့အကြောင်း ရေးထားတယ်“ ဟု လယ်သိမ်းခံရသူတဦး၏ သမီးဖြစ်သူ အထက်တန်းပြ ဆရာမ ဒေါ်သန်းသန်းဋ္ဌေးက မဇ္စျိမကို ပြောသည်။
ပေးပို့စာ မိတ္တူများကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ထံ ပေးပို့ခဲ့ကြသည်။ ထို့အပြင် တိုင်း၊ ခရိုင်၊ မြို့နယ်ကောင်စီ၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် - ဒကစသို့ပါ ပေးပို့ရာ၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အဖွဲ့ဝင်များက ကူညီခဲ့ကြသည်။
“ကလေးမြို့နယ် တာဟန်း တစညက လုပ်ပေးတယ်။ အဖွဲ့ဝင် ဦးကျော်မြင့် ရေးတယ်။ သူကပဲ အမြန်ပို့နဲ့ ပို့ပေးတယ်။ သိမ်းယူထားတဲ့ လယ်မြေပြန်ရယူလိုခြင်းလို့ အကြောင်းအရာမှာ ရေးထားတယ်။ ဒီလယ်မြေက ကျမတို့ရဲ့ စားဝတ်နေရေး၊ စီးပွားရေးနဲ့ အသက်မွေးဝမ်းကြောင်းတဲ့ လယ်မြေဖြစ်တဲ့အတွက် လယ်မြေကို ပြန်လည် လုပ်ကိုင်လိုတဲ့အကြောင်း ရေးထားတယ်။ ကျမတို့ ၅ ဦးက သဘောတူလက်မှတ်ထိုးတယ်” ဟု ဒေါ်သန်းသန်းဋ္ဌေးက ပြောသည်။
လယ်ပိုင်ရှင် ၅ ဦးမှာ ဦးခေါ်သင်အုပ်၊ ဦးလျန်ဆိုင်း၊ ဦးပြန်တလုန်း၊ ဒေါ်ဆင်ကွာလ်နှင့် ဒေါ်လာလ်းငှဲလ်တို့ ဖြစ်သည်။
ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် ခယက ဒုဦးစီးမှူး ဦးလှစိုးနှင့် ဒေသအာဏာပိုင်များက လယ်ပိုင်ရှင်များကို ခေါ်တွေ့ကာ လယ်တဧကလျှင် ကျပ် ၁ဝ သိန်းနှင့် မြေ ၄ဝ-၆ဝ ရှိ မြေတကွက်စီ လျော်ကြေးပေးရန် ညှိနှိုင်းခဲ့ကြသည်။ လယ်ပိုင်ရှင်ကမူ ပြင်ပပေါက်စျေးမှာ တဧကလျှင် ကျပ်သိန်း ၂ဝ ခန့် ရှိကြောင်းနှင့် ထိုစျေးပေးလျှင်လည်း လယ်ရောင်း လိုခြင်း မရှိကြောင်း ပြောဆိုခဲ့ကြသည်။
လယ်ရှင်များနှင့် သဘောတူညီမှု မရရှိသဖြင့် အဆိုပါ သိမ်းပိုက်မြေများပေါ်တွင် မယက နှင့် စည်ပင် အာဏာပိုင်များက လမ်းနှင့် ရေမြောင်းများ ဖောက်လုပ် လာကြသည်။
လယ်ပိုင်ရှင်တဦးက “အဝါရောင် လယ်ထွန်စက်တစီးနဲ့ လမ်းဖောက်တယ်။ အနံပေ ၂ဝ ခန့်နဲ့ အလျားက တမိုင်ခွဲလောက် ပြီးပြီ။ အရှေ့အနောက်နဲ့ တောင်မြောက် နှစ်လမ်းဖောက်ထားတယ်။ အပေါင်းလက္ခဏာ ပုံစံနဲ့ လမ်းဖောက်ထားတယ်။ မြောင်းလည်း အတော်လေးကို ပြီးကြပြီ။ မနေ့ကလည်း သူတို့ လုပ်နေကြတယ်” ဟု ပြောသည်။
သိမ်းယူခံရသည့် လယ်မြေများသည် ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် တည်ရှိကာ၊ ဘိုးဘွားပိုင် လယ်မြေများ ဖြစ်သည်ဟု ပိုင်ရှင်များက ပြောဆိုကြသည်။
စာရေးသား တိုင်ကြားခဲ့ကြသော်လည်း ရက်သတ္တတပတ်ခန့် ကြာမြင့်လာချိန်အထိ မည်သည့်အာဏာပိုင် အဖွဲ့အစည်းထံမှ တုံ့ပြန်ပြောကြားခြင်း မရှိသေးကြောင်းနှင့် ရက်ပိုင်းမျှ ထပ်မံစောင့်ဆိုင်း၍မှ ထူးခြားမှု မရှိလျှင် ၎င်းတို့ဘက်က အခြားနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။