မုံရွာတွင် ရေခန်းခြောက်မှုများ ကြံုတွေ့နေ

မုံရွာတွင် ရေခန်းခြောက်မှုများ ကြံုတွေ့နေ
by -
မြင့်မောင်
စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ကုန်းမြင့်ပိုင်းကျသည့် ရပ်ကွက်များတွင် လက်ငင်ရေတွင်းများ၌ ရေခန်းခြောက်မှုများ ကြံုတွေ့နေရကြောင်း ဒေသခံများက ပြောဆို...

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ကုန်းမြင့်ပိုင်းကျသည့် ရပ်ကွက်များတွင် လက်ငင်ရေတွင်းများ၌ ရေခန်းခြောက်မှုများ ကြံုတွေ့နေရကြောင်း ဒေသခံများက ပြောဆို ကြသည်။

မုံရွာမြို့တွင် ရပ်ကွက်ပေါင်း ၂၈ ရပ်ကွက် ရှိသည့်အနက် ကုန်တွင်းပိုင်းကျသည့် ဘုရားကြီး၊ အလယ်ရပ်၊ ဆူးလေကုန်း၊ အုန်းခြံ အပါအဝင် ၁၁ ရပ်ကွက်ခန့်ရှိ ရေတွင်းများခန်းခြောက်မှုဖြစ်သည်။

“နေကတော့ အရမ်းပူတယ်။ ရေတွင်းတွေ ရေခန်းကုန်တယ်။ မုံရွာမှာရှိတဲ့ ရေတွင်းတိုင်းလိုလို ခန်းခြောက်နေတယ်။ မိုးလည်း မရွာဘူး ။ မြေအောက်ရေကလည်း မရှိတော့ ရေတွင်းတွေ ခန်းခြောက်တယ်။ မြို့ပေါ်က တွင်းတွေက အကုန်နီးပါး ခန်းတယ်။ အဝီစိရေတွင်းတွေလောက်ပဲ မြေအောက်ရေ ရတော့တယ်။ မြို့ပေါ်မှာရှိတဲ့ ရေးတွင်းတွေကတော့ အကုန်ခန်းကြတယ်” ဟု မုံရွာမြို့ခံတဦးက ပြောသည်။

မြို့ခံအများအပြားသည် အဝီစိတွင်းများ တူးနေကြပြီး၊ မုံရွာအနောက်ဘက် ကပ်လျက်တည်ရှိသည့် ချင်းတွင်းမြစ်သည်ပင်လျှင် သောင်များ ပေါ်ထွန်းကာ ရေနည်းပါး နေသဖြင့် မြစ်ရေရရှိရေးပင်လျှင် မလွယ်ကူလှကြောင်း ဒေသခံများက ပြောဆိုကြသည်။

မုံရွာမြို့ပေါ်တွင်သာမက မြို့အရှေ့ဘက် ကန်ပြားကြီး၊ ကန်ပြားလေး၊ ဇလုပ်၊ ကျောက်ဆစ်ပုံ ကျေးရွာများတွင် မူလကတည်းက ရေရှားပါးနေရာမှ ယခုအခါ ရေတွင်းများ ရေခန်းခြောက်နေပြီး ရေရရှိရေးအတွက် ခက်ခဲနေကြောင်းနှင့်  မုံရွာအရှေ့ဘက် ၂၁ မိုင်အကွာရှိ ကျောက္ကာ (မြောက်) ကျေးရွာတွင် ရေတွင်းများရှိ ရေများခန်းခြောက်နေပြီး၊ ကျောက္ကာ (တောင်) တွင် သဘာဝရေထွက်သည့် ထန်းတလုတ်ချောင်းကို ရေလှောင်တမံများ ဆောက်နေသဖြင့် ရေရှားမှု မရှိကြောင်း သိရသည်။

အလားတူပင် မကွေးတိုင်းရှိ ပခုက္ကူ၊ မြိုင်၊ ရေစကြို အပါအဝင် မြို့နယ်အချို့နှင့် အဆိုပါ မြို့နယ်များရှိ ကျေးရွာအချို့တွင်လည်း ရေရှားမှု ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“ရေတွင်းတွေ ရေခန်းကုန်ကြပြီ။ အရင်ကတည်းက လက်ငင်တွင်းတွေက အတောင် ၂ဝ ကနေ  ၃ဝ ရှိတယ်။ ပေ ၄၅ ပေ အနက်ရှိတဲ့ တွင်းတွေ ရေစစ်ခတ်နေရတယ်။ အဝီစိတွင်းက တွင်းတိုင်းလည်း သုံးမကောင်းဘူး။ ရေတွေက ငန်နေတယ်၊ ခါးနေတယ်ဆိုတော့ သုံးမရဘူး။ ကျနော်တို့ ရေစကြိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရှိတဲ့ ရွာ ၈ဝ ရာခိုင်နှုန်းလောက်က ရေရှားတဲ့ဒဏ် ခံနေရတယ်” ဟု ရေစကြိုမြို့ခံတဦးက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “ဇန်နဝါရီ၊ ဖေဖော်ဝါရီဆိုရင် ရေခန်းကုန်တယ်။ မတ်၊ ဧပြီဆိုရင် တအားပူလာပြီး၊ ရေကန်တွေက ပတ်ကြားအက်ကုန်ပြီပေါ့။ ရေတွင်းတွေကလည်း လိုက်ခန်းလာတယ်။ ပေးဝေစနစ်ကရတဲ့ ရေက မင်းရွာ (ရေစကြိုမြို့နယ်) ကနေ ရေတွက်လိုက်ရင် ၅ အုပ်စုလောက်ပဲ မြစ်ရေမီလို့ ရတယ်။ ကျန်တဲ့ ရွာတွေကတော့ မရဘူး။ ရေတိမ်တဲ့အတွက် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ အမြင့်ရွာနဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ ပေါင်းဝ (ဆားလင်းကြီးမြို့နယ်) ကို ဟိုဘက်ဒီဘက်ကူးရင် ပုဆိုးလေး မကူးယုံပဲ။ ပေါင်လယ်လောက်ပဲ နက်လို့လေ” ဟု ပြောသည်။