အမြှောက်တပ် ၃၁၈ က တပ်သားအချင်းချင်း အငြင်းပွားရာမှ RPG လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်လိုက်ခြင်းကြောင့် ဒေသခံများ ထိန့်လန့်နေကြသည်။
မုဒုံမြို့နယ် အဘစ်ကျေးရွာ အခြေစိုက် ထိုအမြှောက်တပ် ၃၁၈ တို့မှ သောကြာနေ့ည ၁၀ နာရီအချိန်တွင် RPG ရော့ကက်လောင်ချာ အမျိုးအစား (ငှက်ပျော်ဖူး လက်နက်) ဖြင့် နှီးပဒေါ်ရွာအတွင်းသို့ မြှောက်ပစ်လိုက်ခြင်းကြောင့် ရွာသားများ ကြောက်ရွံ့နေကြသည်။
“၃ ချက် ပစ်လိုက်တယ်၊ ကျနော်တို့က မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်အစိုးရတွေ ပစ်ခတ်နေကြပြီးလို့ ထင်နေတာ၊ တစ်ရွာလုံးက တုန်လှုပ်နေကြပြီးတော့ မြေကြီးပေါ်မှ အိပ်ချတဲ့သူကအိပ် အချို့က လွတ်ရာပြေးကျတဲ့သူတွေလည်းရှိတယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။
ကျေးရွာအတွင်းနှင့် တပ်ကင်းစောင့်ရန်အတွက် တပ်သားအချင်းချင်းစကားများကြရာမှ ယခုလိုမျိုး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြံုတွေ့ခဲ့သူ တစ်ဦးက ပြောသည်။
“ပစ်လိုက်တာ လူကိုတော့ မထိဘူး၊ အိမ်သာတစ်လုံး ထိသွားတယ်၊ သူတို့အချင်းချင်း စကားများပြီးတော့ ပစ်လိုက်တာပါ” ဟု ၄င်းမျက်မြင်က ပြောသည်။
၄င်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရွာသားများအား ည ၁၀ နာရီကျော်ပြီး အပြင်ထွက်ပါက ဒါဏ်ငွေ ၅ သောင်း ပေးဆောင်ရမည်ဟု ကျေးရွာဥက္ကဌမှ အမိန့်ထုတ်ပြန်လိုက်သည်။
ယခုအချိန်တွင် ကျေးရွာဥက္ကဌများသာမက၊ ကျေးရွာပြည်သူစစ်နှင့် စစ်တပ်များလည်း ညအချိန်တွင် ကင်းစောင့်နေကြရပြီး၊ ရွာသားများလည်း ညအပြင်ထွက်ရန် ကြောက်ရွံ့နေကြသည်ဟု ဒေသခံတို့က ပြောသည်။
ထိုသောကြာနေ့ညမှာပင် သံဖြူဇရပ်မြို့ပေါ် အောင်ဇေယျရပ်ကွက်ရှိ မြို့မရဲစခန်းဝင်းအတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် လုံးခြံုရေး ယခင်က ထက် ပိုများလာသည်။
“သံဖြူဇရပ်မှာလည်း ဗုံးပေါက်ထားတယ်ဆိုတော့ ကင်းစောင့်တာ အရင်ကထက်များလာတယ်၊ အခုဆိုရင် နှီးပဒေါ်ရွာနဲ့ ရောင်းဒေါင်းရွာဆို ပိုပြီးတော့ ကင်းချထားတယ်၊ အဲဒီရွာတွေမှာဆို မွန်ပြည်သစ်ပါတီဝင်တွေလည်းရှိနေတော့ သူတို့တွေ လုံခြံုရေး ပိုချထားတာဖြစ်နိုင်တယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
သံဖြူဇရပ်မြို့နှင့် ရောင်းဒေါင်းကျေးရွာမှာ ၃ မိုင် နီးပါး ကွာဝေးပြီး၊ ရောင်းဒေါင်းကျေးရွာနှင့် နှီးပဒေါ်ကျေးရွာအကြားမှာ ၁ မိုင်ခန့် ကွာဝေးသည်။