တွံတေး အန်အယ်ဒီ ၂ ဦး ထောင်ဒဏ်ချမှတ်

တွံတေး အန်အယ်ဒီ ၂ ဦး ထောင်ဒဏ်ချမှတ်
by -
ကျော်ခ
တွံတေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုဇော်မင်းထွန်းနှင့်  စည်းရုံးရေးကော်မတီဝင် မစန္ဒာတို့ကို တရားရုံးက ထောင်ဒဏ် တနှစ်နှင့် တနှစ်ခွဲစီ ချမှတ်...

တွံတေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုဇော်မင်းထွန်းနှင့်  စည်းရုံးရေးကော်မတီဝင် မစန္ဒာတို့ကို တရားရုံးက ထောင်ဒဏ် တနှစ်နှင့် တနှစ်ခွဲစီ ချမှတ်လိုက်သည်။

မြို့နယ်ဆေးရုံ လက်ထောက် ဆရာဝန် ဒေါ်ဆင့်ဆင့်သီက တရားလိုလုပ်သော အမှုတွင် မြို့နယ်တရားရုံး အထူးအာဏာရ (၁) တရားသူကြီး ဦးအေးကိုကိုက ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ ဖြင့် ကိုဇော်မင်းထွန်းကို ထောင်ဒဏ် တနှစ်နှင့် မစန္ဒာကို ဝတ္တရားနှောင့်ယှက်မှုအပြင် ခြိမ်းခြောက်ပြောဆိုမှု ပုဒ်မ ၅ဝ၆ ဖြင့် ထောင်ဒဏ် ၆ လ ပေါင်းပြီး ထောင်ဒဏ် တနှစ်ခွဲ ချမှတ်လိုက်သည်။

၂ဝဝ၉ ခုနှစ် နိုဝင်ဘာလအတွင်းက တရားခံများက အရေးပေါ်လူနာတဦးကို ဆေးရုံသို့ ပို့ဆောင်ရင်း ဝန်ထမ်းများကို အော်ဟစ်မိရာက တိုင်ကြားခံရမှု ဖြစ်သည်။

“သူတို့ ၂ ယောက်လုံးက စေတနာနဲ့ အသည်းအသန်ဖြစ်နေတဲ့ လူနာကို ဖြစ်ဖြစ်ချင်း ဆရာဝန်တွေက ဆေးမကုပေးလို့ ဒေါနဲ့မောနဲ့ သွားပြောလိုက်တာကို ဝတ္တရား နှောင့်ယှက်မှုနဲ့ တိုင်ထားတာ။ ဖြစ်တာကတော့ ကြာပြီ။ ဒီနေ့ကျမှ အမိန့်ချပြီး ထောင်ချလိုက်တယ်ခင်ဗျ” ဟု ထောင်ဒဏ်ကျခံရသူများ၏ မိတ်ဆွေတဦးက ပြောသည်။

မစန္ဒာမှာ ရဲဝန်ထမ်းတဦးအား ပါးရိုက်နှက်ခဲ့မှုဖြင့် ယခင်နှစ်အတွင်းက ထောင်ဒဏ် ၁၃ လကျခံခဲ့ဖူးသည်။

အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အာဏာပိုင်များက အတိုက်အခံပါတီဝင်များကို တစိုက်မတ်မတ် ဖိနှိပ်ဖိအားပေးမှု လုပ်ဆောင်နေခဲ့သည်ဟု ပြောသည်။

"အဓိကကတော့ ဒီအစိုးရက အန်အယ်ဒီကို အားလျော့အောင်၊ ချိနဲ့အောင် လုပ်တာ။ ဒီလိုအမှုဆင် လုပ်ရပ်တွေဟာ။ တွံတေးတနေရာထဲတော့ မဟုတ်ဘူးဗျ။ သူတို့ဒီလိုမျိုးတွေ လုပ်နေတာကို ကျနော်တို့ တောက်လျှောက်ခံခဲ့ရတာပဲ။ အန်အယ်ဒီ ပျောက်ပျက်ရေးထက် အန်အယ်ဒီဟာ သူတို့တပည့်ဖြစ်ရေးဟာ သူတို့အတွက် နံပါတ်တစ် အချက်ပဲ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင်နှစ် စက်တင်ဘာလတွင်းက တွံတေးမြို့နယ် အန်အယ်ဒီ လူငယ် တာဝန်ခံ (၁) ကိုရဲထွဋ်ခေါင်မှာ ချဲထီလောင်းကစားမှုကြောင့်  ထောင်ဒဏ် ၃ နှစ်် ချခံရသည်။