မုံရွာအနီး လေပြင်းတိုက် အိမ်များပျက်စီး

မုံရွာအနီး လေပြင်းတိုက် အိမ်များပျက်စီး
လေပြင်းမုန်တိုင်းတိုက်ခိုက်၍ မုံရွာမြို့အနီးတဝိုက်ကျေးရွာများတွင် ပျက်စီးဆုံးရှုံးမှုများ ယမန်နေ့က ဖြစ်ပွား....

ချင်းမိုင် (မဇ္ဈိမ) ။       ။ လေပြင်းမုန်တိုင်းတိုက်ခိုက်၍ မုံရွာမြို့အနီးတဝိုက်ကျေးရွာများတွင် ပျက်စီးဆုံးရှုံးမှုများ ယမန်နေ့က ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်ဘက်၊ ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း ကျေးရွာများတွင် မေလ ၆ ရက်နေ့ ညနေ ၃ နာရီခန့်မှစတင်၍ နာရီဝက်ခန့်ကြာ လေပြင်းတိုက် မိုးသီးများကြွေကာ မိုးရွာသွန်းမှုဖြစ်ပွားသည်။

ပျက်စီးမှုပမာဏာကိုအတိအကျမသိရသော်လည်း ကျေးရွာတခုတွင်ပင် အိမ်ခြေ ၅ဝ ခန့် ပျက်စီးသွားပြီး ကျေးရွာ ၈ ခုတွင် အပျက်အစီးရှိခဲ့သည်ဟု သိရသည်။

” မသေလို့ ကံကောင်းတယ်ဗျာ။ သွပ်တွေကလည်း လေထဲမှာ ဝဲနေတယ်။ အပြင်လည်း မထွက်ရဲဘူး၊ အဆင်ပြေတဲ့နေရာမှာပဲ ခိုကပ်နေရတယ်။ ကြောက်စရာ ကောင်းတယ်။ ဒါမျိုး တခါမှ မတွေ့ဖူးဘူး” ဟု အသက် ၄ဝ ခန့်ရှိ ရွာသားတဦးက မဇ္ဈိမသို့ပြောသည်။

မုန်တိုင်းကြောင့် စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများပါ ပျက်စီးမှုများရှိခဲ့ပြီး လောလောဆယ်တွင် ဇွန်လ ကျောင်းဖွင့်ချိန်အမီ ကျောင်းများ ပြန်လည်ပြုပြင်နိုင်ရန် အခက်အခဲရှိနေသည်ဟု သိရသည်။

” လေတိုက်တာက တဘက်တည်း မဟုတ်ဘူးဗျ။ အစပိုင်း တောင်လေတိုက်တယ်၊ အနောက်ဘက်ကလည်း တိုက်တယ်၊ နောက် မြောက်ဘက်ကပါ လှည့်တိုက်တယ်” ဟု အခြားဒေသခံတဦးက တယ်လီဖုံးမှတဆင့် ပြောကြားသည်။

” အပျက်အစီးတွေက တချို့ အိမ်ခေါင်မိုးတွေ လန်၊ ပြုတ်ထွက်ပြီး သွပ်တွေဟာ လေထဲမှာ လွင့်ပါကုန်တယ်။ အားလုံး ပြန်ကောက်ယူဘို့ မလွယ်ဘူး။ လိမ်တွန့် ပျက်စီးကုန်တယ်။ တချို့ အိမ်လုံးလိုက်ပြိုကျသွားတယ်။ အိမ်တွေ ယိုင်နဲ့သွားတယ်။ ရပ်ရွာဓလေ့အရတော့ အစုလိုက် ဒုက္ခရောက်တာမျိုးမဟုတ်ဘဲ လူအများစုက ကိုယ့်အိမ်ပျက်စီးတာကို အဆင် ပြေသလို ချက်ချင်း ကိုယ်တိုင် ပြန်ပြင်ရတာမျိုးပါ။”

မြန်မာနိုင်ငံတွင် ယခုနှစ် မေလအတွင်း  မုန်တိုင်းများ ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ မှ ဦးထွန်းလွင်က သတိပေးပြောကြားခဲ့သည်။

Most read this week