အသွင်ပြောင်းရေးကိစ္စ ဆက်လက်ဆွေးနွေးရန် မိုင်းလားတပ်ဖွဲ့အား ကျိုင်းတုံအခြေစိုက် တြိဂံဒေသ စစ်တိုင်းရုံးဆင့်ခေါ် ခဲ့သော်လည်း ‘ဘာမှ ထူးခြားမှာ မဟုတ်’ ဟုဆိုကာ ထပ်မံသွားရောက် မဆွေးနွေးရန် ဆုံးဖြတ် လိုက်ကြကြောင်းစုံစမ်း သိရှိရပါသည်။
“တြိဂံတိုင်းမှူးက လကုန်လောက်ကတည်းက ခေါ်ထားတယ်။ သွားသွား မသွားသွား ဘာမှထူးခြားမှာ မဟုတ် ဘူး၊ ကျနော်တို့ဘက်က အထူးလိုက်လျောထားတဲ့ တောင်းဆိုချက် ၆ ချက်ကိုတောင်မှ သူတို့လျစ်လျူရှုထား တာဘဲ၊သွားတိုင်း သူတို့ လိုအပ်ချက်ကိုဘဲ တဘက်သတ်ဖိပြောတော့ မသွားဖို့ ဆုံးဖြတ်ကြတယ်”- ဟု တပ်မှူး တဦးက ပြောကြောင်း အမည်မဖေါ်လိုသည့် ကျိုင်းတုံကားဆရာက ပြောပါသည်။
မေလ ၃ ရက်နေ့ ထပ်မံဆွေးနွေးကြရန် မိုင်းလားတပ်ဖွဲ့အား တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုးးက လဆန်း ကတည်း က ဖိတ်ကြားထားသည်ဟုဆို၏။
ဆွေးနွေးသည့်အကြိမ်တိုင်း နအဖက တဘက်သတ်ပြောဆိုသောကြောင့် သွားရောက်ငုတ်တုတ်ထိုင်နားထောင် ပြီး ပြန်လာရမည့်အရေးကိုမလိုလားကြောင်း မိုင်းလား တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြော၏။ မိုင်းလားတပ်ဖွဲ့အနေ ဖြင့်လည်း ၂၀၀၉ နိုဝင်ဘာလဆန်းပိုင်းက တောင်းဆိုချက် ၆ မှတပါး အခြားအလျှော့ပေးရန် မဖြစ်နိုင်သော ကြောင့် နအဖဖိတ်ခေါ်မှု ကို မသွားဖို့ ဆုံးဖြတ်လိုက် ခြင်းဖြစ်ကြောင်းလည်း ပြောပါသည်။
ထို့အတူ ဧပြီ ၂၆ ရက်နောက်ဆုံးထား၍ နေရပ်သို့ အသီးသီးပြန်ကြရန် အမျိုးသားဒီမိုကရက်တစ်တပ်မတော် မိုင်းလား တပ်ဖွဲ့ ဗဟိုဌာနချုပ်က တခြားဒေသ သို့ကိုယ်စားလှယ်အဖြစ် သွားရောက်ရုံးထိုင် အလုပ်လုပ်သည့် မိုင်းလားတပ်ဖွဲ့ဝင် များအား ဆင့်ခေါ်ခဲ့သည်ဟု ဆို၏။
“ တခြားဒေသကို သွားပြီး အလုပ်လုပ်တဲ့သူတွေကို ပြန်ခေါ်တယ်၊ အထူးသဖြင့် ကျိုင်းတုံ၊ မိုင်းယန်းရုံးထိုင်တဲ့ ကိုယ်စား လှယ်၊ မိုင်းယု၊ မိုင်းယောင်းဘက် ကတပ်ဖွဲ့ဝင် တွေကိုလဲ အကုန်ပြန်လာခိုင်းတယ်။ အခုထက်ထိ ပြန်မ သွားကြ သေးဘူး”- ဟု မိုင်းလားရောက် ကျိုင်းတုံသား တဦးက ပြောပါသည်။
အထူးသဖြင့် အထူးဒေသ ၄ ကိုယ်စားလှယ်အဖြစ် ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယု နှင့် မိုင်းယောင်း (နအဖ ထိန်းချုပ် နယ်မြေ) သို့ တာဝန်သွားရောက် ထမ်းဆောင်သည့် တပ်ဖွဲ့ဝင်များ ဆင့်ခေါ်ခြင်းဖြစ်သည်ဟု လည်းဆို၏။
“ကိုယ်စားလှယ်တွေကိုပြန်ဆင့်ခေါ်တဲ့ အချိန်က ၂၂ ရက်နေ့နောက်ဆုံး စာရင်းပေးရမယ်၊ ၂၈ အသွင်ပြောင်း ဖေါ်ဆောင်ရေး တနှစ်ပြည့်တဲ့နေ့မှာ လုံးဝ အသွင် ပြောင်းဖို့ လက်ခံပြီးသားဖြစ်ရမယ်ပြော တဲ့အချိန်လေ။ ကျိုင်းတုံရုံးထိုင် စိုင်းစိုးဝင်းတောင်မှ မိသားစုဝင်အားလုံးခေါ်ပြီး ၂၁ ရက် နေ့ကတည်းက မိုင်းလား ဌာနချုပ်ပြန် သွားပြီ” - ဟုကျိုင်းတုံရှိ ရင်းနှီးသည့် အသိုင်းအဝိုင်းတဦးက ပြောပါသည်။
တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး
လက်ရှိ မိုင်းလား တပ်ဖွဲ့ နှင့် နအဖအကြား ဆက်ဆံရေးလည်း ချောမွေ့ခြင်းမရှိသေးကြောင်း၊ ဧပြီလနှောင်းပိုင်း ကျိုင်းတုံ စရဖမှူး ဒုဗိုလ်မှူးကြီးသန်းထွဋ်သိန်း မိုင်းလားသွားရောက်စဉ်ကလည်း တဘက်သတ်ပြောဆိုပြီး မျက်နှာ မသာမယာနှင့် ပြန်သွားကြောင်း၊ မိုင်းလားဘက်ကလည်း ယခင်ကကဲ့သို့ တထူးတလည် ဧည့်ခံကျွေးမွေးခြင်းမရှိ ကြောင်း -အဆိုပါကား ဆရာကပြောပါသည်။
မြောက်ပိုင်းအပစ်ရပ် သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်း ဦးဆောင်သည့်အဖွဲ့တချို့ အသွင် ပြောင်းရေး လက်ခံလိုက်သည့် အပေါ်လည်း မိုင်းလား တပ်ဖွဲ့က စိတ်ပျက်မိသည်ဟု မိုင်းလားတပ်ဖွဲ့ ဗဟိုကော် မတီ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းလဲ သိရသည်။
လက်ရှိအခြေအနေအရ မိုင်းလားကဲ့သို့ ကချင် KIA ၊ ၀ UWSA နှင့် မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ တပ်ဖွဲ့၊ မွန်ပြည်သစ်ပါတီ နှင့် တခြား အဖွဲ့ငယ်များလည်း မိမိယုံကြည်ချက်အရ အသွင် ပြောင်းရေးအစီအစဉ်လက်ခံခြင်း မပြုသေးပေ။ သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ အပစ်ရပ်တပ်ဖွဲ့များ အသွင်ပြောင်းရန် နအဖက ဒက်လိုင်း နောက်တလ ထပ်တိုးပေးသည်ဟု ဆိုသည်။