လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်က ကရင်နီပြည် သံလွင်အရှေ့ဘက်ကမ်းက ကရင်နီတပ်မတော် တပ်စခန်းတွေဖြစ်တဲ့ တောင်သုံးလုံး၊ နယ်စပ်ကုန်း၊ နွားကုန်းနဲ့ တောင်ကတုံး တို့ဆီကို မကြာခဏ အလည်အပတ် ရောက်ခဲ့ဖူးတယ်။ ကရင်နီတော်လှန်ရေးနယ်ပယ်မှာ ကြီးပြင်းလာကြတဲ့ ကျနော်တို့လို လူငယ်လေးတွေအဖို့ အလည်အပတ် သွားစရာ နေရာ၊ အပန်းဖြေစရာနေရာရယ်လို့ မယ်မယ်ရရ သိပ်မရှိလှပါဘူး။
ဒါပေမဲ့ ကျောင်းပိတ်ရက်တွေဆို တိုင်းပြည်နဲ့လူမျိုးအတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ကရင်နီရဲဘော်တို့ရှိရာ တောင်တန်း၊ တောင်ကုန်းတွေဆီကို အလည်အပတ် သွားခွင့်ရတာ လူငယ်ဘဝမှာ အပျော်တွေထဲက အပျော်တခုလို့ဆိုရမှာပါ။ အလည်အပတ်သွားရင်း တချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ရဲဘော်တွေအတွက် ရွာက ရိက္ခာတွေကိုလည်း တပါတည်း သယ်ယူပေးခဲ့ကြတယ်။
ရွာကနေ ရဲဘော်တွေနေတဲ့ တောင်တန်းတွေဆီကို နာရီပိုင်းနဲ့ ရောက်တဲ့ ကုန်းရှိသလို ရက်ပိုင်းနဲ့ သွားရတဲ့ ကုန်းတွေလည်း ရှိပါတယ်။ တတောင်တက် တတောင် ဆင်းနဲ့ ရိက္ခာတွေကို ပိုးပြီး သွားနေရပေမဲ့ တောင်တက်ရင်း လိုက်ပါလာတဲ့ သူငယ်ချင်း အချို့ရဲ့ သီချင်းဟစ်အော်သံတွေဟာ တောင်ပေါ်က လွင့်ပျံလာတဲ့ ကျေးငှက် သွန်သံ၊ တောင်တန်းတွေဆီက ညင်ညင်သာသာ တိုက်ခတ်လာတဲ့ လေပြေလေငွေ့လေးတွေနဲ့ ရောစပ်လိုက်တော့ ပိုမိုသာယာတဲ့ အရသာကို ခံစားရတဲ့အတွက် မောတယ် ရယ်လို့ မရှိပါဘူး။ အဲဒီအရသာကို ယနေ့တိုင်ပဲ မေ့မရတာတော့ အမှန်ပါ။
ယခုအချိန်မှာ အဲဒီလို အခွင့်အရေးမျိုး မရနိုင်တော့ပါဘူး။ တချိန်က ကရင်နီတော်လှန်ရေးကို ထောက်ခံအားပေးတဲ့ ပြည်သူနဲ့ ကရင်နီ တပ်မတော်တို့ဖရဲ့ ချွေး၊ သွေးတို့နဲ့ရင်းပြီး ပြုလုပ်ဖန်တီးထားခဲ့ကြတဲ့ တောင်ကုန်း၊ တောင်တန်းတွေက တပ်စခန်းတွေဟာ ယခုအခါမှာတော့ နအဖ စစ်တပ်တို့ရဲ့ ရှေ့တန်းစစ်တပ် စခန်း တွေ ဖြစ်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကျော်လောက်က သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေဟာ ယခုအခါမှာ ပြန်ကြည့် လိုက်တော့ အမာခံတပ်စခန်း အသွင်ဆောင်နေတာကို တွေ့ရပါတယ်။
တိုက်လေယဉ်နဲ့ လာတိုက်မှသာ သိမ်းနိုင်မယ်လို့ ကရင်နီ တပ်မတော်က ယုံကြည်ထားတဲ့ တောင်ကတုံး တပ်စခန်းမှာ စေတီပုထိုးတခု တည်ဆောက် ထားပြီး ခံတုပ်များကို အုတ်၊ အင်္ဂတေတို့နဲ့ ခိုင်ခိုင်ခန့်ခန့် ပြုလုပ်ထားပါတယ်။ တောင်ကတုံးမှာ စစ်ကြောင်း ၅၃၁ က အဝေးပစ် လက်နက်ကြီးများ ဖြစ်တဲ့ ၁၂ဝ မမ၊ ၆ဝ မမ၊ လေယဉ်ပစ် စက်သေနတ်နဲ့ ငါးကြင်းမြီး စက်သေနတ်ပြောင်းများကို ထိုင်းနိုင်ငံ နယ်စပ်ဘက်ကို အသင့်ချိန်ရွယ် ထားတာကို တွေ့ရပါတယ်။
ထိုနည်းတူ နွားကုန်း၊ နယ်စပ်ကုန်းနဲ့ တောင်သုံးလုံး ဘက်က တပ်စခန်း တိုင်းလိုလိုရဲ့ ပတ်ပတ်လည်လည်မှာ ရန်သူများ ဝင်ရောက်သိမ်းပိုက်မှု ခက်ခဲအောင် ဆူးစတဲ့ ထောင်ချောက်တွေကလည်း ရုပ်ရှင်ဗီဒီယို စစ်ကားတွေထဲမှာ ကြည့်ဖူးတဲ့ ထောင်ခြောက်တွေထက် ကြောက်စရာ ကောင်းလှပါတယ်။
စခန်းထဲမှာတော့ တောင်ကတုံးကလိုဘဲ စေတီပုထိုးတွေ၊ ခံတုပ်ကျင်းတွေကို အုတ်နဲ့ ကျကျနန တည်ဆောက်ထားကြပါတယ်။ ၁၂ဝ မမ အမြောက်နဲ့ စက်သေနတ် များကလည်း ကရင်နီတပ်မတော် အခြေစိုက်ရာ ထိုင်းနယ်စပ် တပ်စခန်းများကို အသင့်ချိန်ရွယ်ထားပါတယ်။ အဲဒီအမြောက်တွေဟာ ပြီးခဲ့တဲ့ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာ ကနေ ၂ဝဝ၆ မတ်လအထိ နေ့ရောညပါအပစ် ရပ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးညာမို တပ်စခန်းကို ပစ်ခတ်ခဲ့တဲ့ လက်နက်တွေ မဟုတ်ဘဲ အသစ် တပ် ဆင်ထားတဲ့ လက်နက်တွေလို့ ယူဆရပါတယ်။ ဘာကြောင့် လဲဆိုတော့ လက်နက်တွေကို ကြည့်ရှုစစ်ဆေးကြည့်ရာ အတော်များများဟာ အသစ်ထုတ်ထားပေးတဲ့ ပုံပေါ်နေလို့ဘဲ ဖြစ်ပါတယ်။
ခံတုပ်ကျင်းတွေထဲမှာ အရေးပေါ် စစ်ကာလအတွက် အရံလက်နက်ခဲ ယမ်းမီးကျောက်၊ ရေနဲ့ ရိက္ခာတို့ကို အချိန်ပြည့် သိုလှောင်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် တပ်အင်အားများနဲ့ ရိက္ခာများ အချိန်မီ အလွယ်တကူ ပို့ဆောင်နိုင်ရေးအတွက် ကားလမ်းတွေကို တပ်တိုင်း၊ ကုန်းတိုင်းဆီသို့ ရာက်အောင် ဖောက်ထားပါတယ်။ ကုန်းကြောင်းနဲ့ ရေကြောင်းခရီးကို ချောမွေ့စေအောင်လည်း နှစ်စဉ်နှစ်တိုင်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်လေ့ရှိပါတယ်။
ဒီလိုပြင်ဆင်ထားမှုဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီမှာ ကရင်နီတပ်မတော်နဲ့ နောက်ဆုံး အမာခံတပ်စခန်း တခု ဖြစ်တဲ့ ညာမိုကုန်းကို အပြုတ် တိုက်မယ်ဆိုတဲ့ စီမံချက် ဖြစ်တယ်လို့ စစ်မြေပြင်မှာ လုပ်ရှားနေတဲ့ ကရင်နီ တပ်မတော်တွေက ခန့်မှန်းချက်တွေ ပေးပါတယ်။
ကရင်နီပြည်မှာ နအဖမှ တပ်ရင်း ၁၂ ရင်းတပ်စွဲ ထားပါတယ်။ လွိုင်ကော် မြို့မှာ ခလရ ၅၄၊ ရ၂၊ ၂၆၁၊ ၂၅ဝ ခမရ ၅၃ဝ၊ ဖရူဆိုမှာ ခမရ ၄၂၈၊ ၅၃၁၊ ဘောလခဲမှာ ခမရ ၃၃၇၊ ၄၂၉၊ ၄၃ဝနဲ့ ဒီးမော့ဆိုမြို့နယ်မှာ ခလရ ၁ဝ၂၊ ခမရ ၄၂၇ တပ်ရင်းတွေ ထားရှိပါတယ်။ ထိုတပ်ရင်းတွေနဲ့ ကရင်နီပြည် ရှေ့တန်းစစ်မြေပြင်မှာ သုံးလတကြိမ်၊ ခြောက်လတကြိမ် အလဲအလှယ် ပြုလုပ်နေကြပါ တယ်။ ရှေ့တန်း အမာခံတပ် စခန်းမှာ တပ်ပြေးတွေ မရှိအောင် ကချင်ပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်က တပ်သားတွေကို အချိန်အကန့်အသတ်မရှိဘဲ အလဲအလှယ် ပြုလုပ်ပေးပါတယ်။
မြန်မာပြည် ၁၉၈၈ အရေးခင်း မတိုင်မီ နအဖ စစ်တပ်အင်အားဟာ တစ်သိန်းကနေ နှစ်သိန်းကြားမှာသာ ရှိခဲ့ပါတယ်။ အရေးခင်း ပြီးနောက်ပိုင်းမှာ စစ်တပ်အင်အားကို သုံးသိန်းကနေ ယခုလက်ရှိ ငါးသိန်းခန့် ရှိနေပြီ ဖြစ်ကြောင်းကို နိုင်ငံတကာသတင်းဌာန အတော်များများနဲ့ ရှေ့တောင်အာရှ စစ်ထောက်လှမ်းရေးတို့က ပြုစုထားတဲ့ ကိန်းဂဏန်းအရ သိရပါတယ်။
တိုင်းပြည်ကို စစ်တပ် ဦးဆောင်တဲ့စနစ်နဲ့ ဆက်လက် အုပ်ချုပ်သွားနိုင်ရေးအတွက် နအဖက ၁၈ နှစ်အောက် ကလေးငယ်တွေကိုပါ စစ်တပ်ထဲသွင်းပြီး တိုးချဲ့နေသလို လက်နက် အသစ်အဆန်းများကိုလည်း တရုတ်၊ ရုရှားနဲ့မြောက် ကိုရီး ယားတို့ကနေ မှာယူတပ် ဆင်လျက် ရှိနေပါတယ်။ မြောက် ကိုရီးယား အကူအညီနဲ့ အနုမြူ စစ်လက်နက် တပ်ဆင်နိုင်ရေးအတွက်ကိုလည်း ကြိုးစားနေတယ်ဆိုတဲ့အကြောင်း နိုင်ငံ တကာသတင်းတွေမှာ မကြာခဏ ထွက်ပေါ်နေပါတယ်။
နအဖစစ်တပ်ဟာ ၁၉၄၈ ခုနှစ် ကတည်းက တပ်အင်အား လက်နက်အင်အားများနဲ့ ယနေ့တိုင် တိုင်းရင်းသား သူပုန်တွေကိုတိုက်ခိုက် ချေမှုန်း လျက်ရှိနေပါတယ်။ ထိုကာလတလျောက် တိုင်းရင်းသား လက်နက်ကိုင် အင်အား စုများဘက်မှ လူအင်အား၊ လက်နက်အင်အားနဲ့ ထိန်းချုပ်တဲ့ နယ်မြေတွေ အတော်များများ လက်လွတ် ဆုံးရှုံးခဲ့သလို နအဖ အစိုးရဘက်ကို ပူးပေါင်းပါဝင်သွားတဲ့ တိုင်းရင်းသားအဖွဲပေါင်း တော်တော်များများကိုလည်း တွေ့ရပါတယ်။
နအဖစစ်တပ်များ နယ်စပ်ကုန်းအမှတ် ၂၈၈၈ မှ ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းနဲ့နီးတဲ့ ညာမိုတပ်စခန်းကို ၁၂ဝ မမအမြောက်ဖြင့် ချိန်ဆလေ့ကျင့်နေစဉ်
နအဖဘက်ကနေ ကြည့်မယ်ဆိုရင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်ချေမှုန်းတဲ့ နည်းဗျူဟာမှာ ထိရောက်ပြီး အောင်မြင်မှု ရှိသလောက် ခရီးရောက်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အသုံးချခဲ့သမျှ နည်းဗျူဟာတွေဟာ တိုင်းရင်းသား လူနည်းစုတွေအပေါ် မျိုးဖြုတ်တိုက် ခိုက်တဲ့ စနစ်ကို အသုံးချခဲ့တဲ့အတွက် နအဖရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ရပ်တွေက သမိုင်းစာမျက်နှာမှာ ပယ်ဖျက်လို့ မရမှာတော့ သေချာပါတယ်။
ဒါပေမဲ့နအဖက ဂရုစိုက်မှာ မဟုတ်ပါဘူး။ ၂ဝဝ၈ ခုနှစ်က ရွေးဆွဲ အတည်ပြုခဲ့တဲ့ အခြေခံမူမှာလည်း မြန်မာပြည်ရဲ့ အနာဂတ်ကို စစ်တပ် ဦးဆောင်ပြီး ရှေ့ဆက်သွားနိုင် ရေးနဲ့ တိုင်းပြည်မှာ နအဖစစ်တပ် တခု တည်းသာ ထားရှိဖို့ အတိအလင်း ရေးဆွဲချမှတ်ပြီး အတည်ပြုထားပါတယ်။
ယခုအချိန်မှာ နအဖကိုစစ်ရေးအရ ဆက်လက်တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေက ရှမ်း၊ ကရင်နဲ့ ကရင်နီတို့ကိုသာ တွေ့ရပါတော့တယ်။ နအဖကို အင်အားချင်း ပြိုင်တိုက်လို့ မရမှန်းသိတဲ့ ကရင်နီကတော့ ပြောက်ကျား စစ်ဆင် ရေးစနစ်ကို အသုံးပြုပြီး ဆက်လက် တော်လှန်တိုက်ခိုက်မယ်လို့ ဆိုပါတယ်။
တောင်သုံးလုံး၊ နယ်စပ်ကုန်း၊ နွားကုန်းနဲ့ တောင်ကတုံးတို့မှာ ပြင်ဆင် ထားတဲ့ အမာခံတပ်စခန်းတွေရဲ့ အခြေ အနေ၊ တပ်ဆင်ထားတဲ့ လက်နက်အမျိုးအစားနဲ့ ချထား တဲ့ တပ်အင်အားတွေရဲ့ အစွမ်းအစတွေက ကရင်နီတော်လှန်ရေး အင်အားစုရဲ့ လက်ရှိအခြေအနေနဲ့ စစ်ရေးအရ ရင်ဆိုင်တိုက်ပွဲဖြစ်စေ၊ ခုခံတိုက်ပွဲဖြစ်စေ ယှဉ်ပြိုင် တိုက်ယူလို့ မရဘူး ဆိုတာကို ထင်ဟပ်ပြသနေပါတယ်။ ဒါပေမဲ့ လာမယ့် ပြောက်ကျားစစ်ဆင် ရေး နည်းဗျူဟာနဲ့ တိုက်ခိုက်တဲ့ အချိန်မျိုးမှာ အခြေအနေတွေက ဘယ်လို တိုးတက်ပြောင်းလဲလာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်လို့ တင်ပြရင်း။