စစ်တကောင်း တောင်တန်းနယ်မှ ဗုဒ္ဓဘာသာ မာရမာ လူငယ်များ ခရစ်ယာန် ဘာသာသို့ စတင် ကူးပြောင်း

စစ်တကောင်း တောင်တန်းနယ်မှ ဗုဒ္ဓဘာသာ မာရမာ လူငယ်များ ခရစ်ယာန် ဘာသာသို့ စတင် ကူးပြောင်း
by -
မောင်အေး
ဘင်္ဂလာဒေ့ချ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ်တွင် နေထိုင်ကြသည့် ရခိုင်မျိုးနွယ်စု ဗုဒ္ဓဘာသာ မာရမာလူငယ် ၈ ဦးသည် ယခုလ ၂၁ ရက်နေ့က ခရစ်ယာန် ဘာသာသို့ ကူးပြောင်း...

ဘင်္ဂလာဒေ့ချ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ်တွင် နေထိုင်ကြသည့် ရခိုင်မျိုးနွယ်စု ဗုဒ္ဓဘာသာ မာရမာလူငယ် ၈ ဦးသည် ယခုလ ၂၁ ရက်နေ့က ခရစ်ယာန် ဘာသာသို့ ကူးပြောင်း သွားခဲ့သည််။

ယခုကဲ့သို့ ဗုဒ္ဓဘာသာ အဖြစ်မှ ခရစ်ယာန်ဘာသာသို့ မာရမာ လူငယ်များ ကူးပြောင်းသွားခြင်းမှာ အဆိုပါ ဒေသတွင် ပထမဆုံး အကြိမ်ဖြစ်သည်ဟု မော်ကောက် ကျေးရွာ ဆရာတော် ဦးဝိသာရဓ ယခုကဲသို့ မိန့်ကြားသည်။

“သူတို့ ဘာသာကူးပြောင်းသွားတာက ဒီလ ၂၁ ရက်နေ့ကဖြစ်တယ်။ အယင်က ဒီလို ကူးပြောင်းတာ မရှိဘူး။ နောက်ဆို ပိုများ လာနိုင်တယ်။ ခုကူးပြောင်းသွားတဲ့ လူငယ်တွေ အားလုံးက ကျောင်းတက် နေကြတဲ့ လူငယ်တွေ ဖြစ်ကြပါတယ်။”

အဆိုပါ လူငယ်များမှာ အသက် ၂၀ ၀န်းကျင် အရွယ်များ ဖြစ်ကြပြီး ဘင်ဒရာဘင်ခရိုင် တန်းဆိပ် မြို့နယ် ဒက်ဆွဲရွာ၊ ကြောင်ချောင်းရွာ၊ ပန်းချောင်းရွာနှင့် ကျောက်စု ကျေးရွာမှ ဖြစ်ကြသည်။

ယခုကဲ့သို့ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသို့ ကူးပြောင်းသွားခြင်းမှာ စားဝတ်နေရေး ခက်ခဲမှုနှင့် ပညာ သင်ကြားရန် အခွင့် အလမ်းများ ရရှိလိုခြင်းကြောင်း ဖြစ်သည်ဟု တခြား ဆရာတော် တပါး ဖြစ်သူ အရှင် ၀ိသုဒ္ဓက ယခုကဲ့သို့ ပြောသည်။

“ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေက ဒီဒေသမှာ အရမ်းကို ဆင်းရဲ နွမ်းပါးကြတယ်။ အဓိကတော့ ခရစ်ယာန်ဘာသာထဲကို ၀င်ရင် ပညာသင်ကြားရေး အတွက် အခွင့်အရေး ရမယ်။ ပီးတော့ ခရစ်ယာန် ဘာသာထဲ ၀င်သွားရင် သူတို့အတွက် လောလောဆယ်မှာ သူတို့ ရင်ဆိုင်နေရတဲ့ ဆင်းရဲ နွမ်းပါးတဲ့ အခက်အခဲတွေက လွှတ်မြှောက်ပီး အဆင်ပြေသွားမယ်။ ဒီလိုစတဲ့ ရည်ရွယ်ချက်တွေနဲ့ သူတို့ ဘာသာ ကူးပြောင်းသွာကြတာပါ။ မိဘတွေလည်း သိလိုက်တာ မဟုတ်ပါဘူး။ အခု မိဘတွေက အဲဒီထဲက ၃ ယောက်ကို ပြန်ပြီး ဗုဒ္ဓဘာသာကို ကူးပြောင်းလာဖို့ ပြန်ပြောနေတယ်။ ကျန်တဲ့သူ ၅ ဦးကတော့ လုံးဝ ပြန်မကူးပြောင်းတော့ဘူးလို့ ပြောတယ်။”

ယခု ဗုဒ္ဓဘာသာဝင်များကို ခရစ်ယာန်ဘာသာသို့ ကူးပြောင်းရန် စည်းရုံးနေသူမှာ ရခိုင်ပြည်နယ်မှ လာရောက်သူ တဦးဖြစ်သည်ဟု မာရမာ လူကြီး တဦးက ပြောသည်။

“အခု စည်းရုံးနေတဲ့ ဓမ္မဆရာက ရခိုင်ပြည်ကလာတဲ့ ဦးကျော်သာဖြစ်တယ်။ သူက ပညာသင်ပေးမယ် နောက်ပြီး နိုင်ငံခြားကို ပို့ပေးမယ်ဆိုပြီး ဒေသအတွင်းက လူငယ် တွေကို စည်းရုံးပြီး ခရစ်ယာန် ဘာသာကို ၀င်ခိုင်း နေတာဖြစ်တယ်။”

ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်း တောင်တန်းနယ်နှင့် မြန်မာ နိုင်ငံ အနောက်ဘက်နယ်စပ် တလျှောက်တွင် နေထိုင်သော ခမီး၊ မြို၊ မြံုနှင့် လင်ကြေး လူမျိုးများမှာ ယခင်က ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသော်လည်း ယခုအခါ ခရစ်ယာန်ဘာသာကို ကိုးကွယ်နေကြပြီး ရခိုင်မျိုးနွယ်စု မာရမာလူမျိုးများ အနေဖြင့် ခရစ်ယာန်ဘာသာသို့ ယခုအခါ စတင် ကူးပြောင်း ၀င်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week