လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့များအားလုံး အသွင်ပြောင်းရမည်ဆိုသည့် နအဖ၏ တဘက်သတ် အစီအစဉ်ကြောင့် ပြည်တွင်းစစ် တကျော့ပြန်ဖြစ်လာနိုင်သည်ဟု လွယ်တိုင်းလျဲန်းအခြေစိုက် SSA ခေါင်းဆောင် စဝ်ယွက်စစ်က ပြောကြားလိုက် ပါသည်။
“အပစ်ရပ်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ရည်ရွယ်ချက်နဲ့ အပစ်ရပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပြီ၊ နိုင်ငံရေးစကားဝိုင်းမရောက်ဘဲ ပြည်သူ့စစ်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ အသွင်ပြောင်းဖို့ဘဲ နအဖက တဘက် သတ်ပြောနေတာ။ လက်မခံရင် အင်အားသုံးမယ်လို့တောင် အကြိမ်ကြိမ်ပြောခဲ့တယ်။ ဒီအတိုင်းဆက်သွားမယ် ဆိုရင် တော့ ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်လာမှာမလွဲဘူး” - ဟု SSA ခေါင်းဆောင် စဝ်ယွက်စစ် ကပြောပါသည်။
လွယ်တိုင်းလျဲန်း အခြေစိုက် SSA ခေါင်းဆောင် စဝ်ယွက်စစ်
နအဖ သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းလိုဘဲ စစ်အင်အားသုံး၍ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များအား အမြစ်ပြတ် ခြေမှုန်း လိုသောကြောင့် နိုင်ငံရေးပြဿနာဖြေရှင်းသည့် နည်းလမ်းကောင်း မဟုတ် သဖြင့် တိုင်းပြည်ပြဿနာ ပိုမိုရှုပ်ထွေးလာစေမည်သာဖြစ်ကြောင်း - စဝ်ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ပြော၏။
“နအဖ က သူ့မဟာဗျူဟာအတိုင်းသူလုပ်မှာဘဲ၊ ပြည်သူအရေးစဉ်းစားမှာမဟုတ်ဘူး၊ တိုင်းရင်းသား ပြည်သူလူထု တိုးတက်ကြီးပွားမှာ၊ တိုင်းပြည်သာယာစိုပြေမှာကို သူမလိုလားဘူး၊ မိမိမွေးရပ်ကနေစွန့်ခွါကြလေ သူကကြိက်လေဘဲ၊ တိုင်းရင်းသားပိုင်ရေမြေတွေကို အပိုင်ရဖို့က စစ်အုပ်စုရဲ့ အဓိကမဟာဗျူဟာဘဲ” - ဟု စဝ်ယွက်စစ်က ဆက်ပြော ပါသည်။
တိုင်းရင်းသားများ စည်းရုံးညီညွတ်မှုရမည်ကို နအဖ အင်မတန်စိုးရိမ်နေကြောင်း၊ မိမိအမျိုးသားကောင်းစားရေးအတွက် သာကြည့်ပြီး နအဖ ဖျားယောင်းသွေးဆောင် မှုနောက် လိုက်မည်ဆိုပါက အားလုံးရေတိမ်နစ်မည်မှာ မလွဲကြောင်း၊ စည်းရုံးညီညွတ်မှုဖြင့် လက်တွဲအဖြေရှာကာ စစ်အုပ်စု၏ ဖိနှိပ်မှုရန် တွန်းလှန်မှသာလျှင် တိုင်းရင်းသားလူမျိုးစုတိုင်း တန်းတူအခွင့်အရေးရရှိနိုင်မည်၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို နအဖ သတိမူစေရမည်ဟု ပြောကြားခဲ့ပါသေး သည်။
ထို့အတူ SSA ခေါင်းဆောင်စဝ်ယွက်စစ်က တိုင်းရင်းသားလူမျိုးစုများအားလုံး နေရပ်မှ စွန့်ခွါခြင်းသည် ပြဿနာဖြေရှင်း သည့် နည်းလမ်းမှန်မဟုတ်သည့်အပြင် စစ်အုပ်စုအသိုင်းအဝိုင်းတို့ အစားထိုးနေရန် ရှောင်တိမ်းပေးသကဲ့သို့ဖြစ်နေ ကြောင်း၊ ထို့ကြောင့်မွေးရပ်မြေမှစွန့်ခွာခြင်းမပြုဘဲ သေတူ ရှင်မကွဲ ရရာလက်နက် စွဲကိုင်ပြီး လွတ်မြောက်ရေးတိုက်ပွဲ ၀င်ကြဖို့ရန် ပြောကြားခဲ့ပါသေးသည်။
SSA ခေါင်းဆောင် စဝ်ယွက်စစ်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌဖြစ်၏။ ထို့ပြင် သျှမ်းပြည်တိုင်းရင်း သားများတန်းတူအခွင့်အရေးအတွက် ရှေ့တန်းတင်ပြီး သျှမ်း၊ ပအိုဝ်း၊ ၀ ၊ အခါ၊ လားဟူ နှင့် အခြားတိုင်းရင်းသားများပါ ၀င်သည့် သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းစဉ်ကလည်း ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါ၀င်သည်။