မွန်ပြည်သစ်ပါတီတပ်တည်ရှိရာဒေသများတွင် ရွာသားများ အထိတ်တလန့် ဖြစ်နေကြရပြီး မိသားစုအလိုက်နေရာပြောင်းရွေ့နေကြကြောင်း ဆက်သွယ်မေးမြန်း ချက်များအရ သိရသည်။
ယနေ့ဧပြီလ ၂၈ ရက်နေ့သည် နယ်ခြားမစောင့်(သို့တည်းမဟုတ်) ပြည်သူ့စစ်အသွင်မပြောင်းသော တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအား စစ်အစိုးရမတရားအသင်း ကြေညာမည့်နေ့ဟု သတင်းများထွက်ပေါ်နေသဖြင့် ရွာသားများစိုးရိမ်မှု ဖြစ်ပွားနေကြရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာမှ အမည်မဖေါ်လိုရွာသားတစ်ဦးက “ရွာသားတွေဗမာစစ်တပ်အလာကို စောင့်ကြည့်နေကြတယ်၊ တိုက်ပွဲတွေဖြစ်လာ မလားစိုးရိမ်ပြီး အလုပ်တွေရပ်နားထားတယ် ၊ တချို့ဆိုရင် မနက်အစောကြီးကတည်းက ထမင်းထုပ်တွေပြင်ထားကြတယ်” ဟု ပြောပါသည်။
အဆိုပါရွာသားက တိုက်ပွဲများဖြစ်ပေါ်ခဲ့လျှင် စစ်အစိုးရတပ်မှ ပေါ်တာဆွဲခြင်း၊ အဖိုးတန်ပစ္စည်းများ သိမ်းဆည်းလုယူခြင်း၊ မသင်္ကာသူများကိုဖမ်းဆီးရိုက်နှက်ခြင်းနှင့် လူမဆန်သောလုပ်ရပ်အမျိုးမျိုး ပြုလုပ်လာနိုင်ဖွယ်ရှိသည်ဟု ယူဆနေသည်။
မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်နှင့် တပ်ရင်းရုံးတည်ရှိရာသည် အဆိုပါကော့ဘိန်းရွာမှ နှစ်မိုင်ခွဲမျှသာ ဝေးကွာပါသည်။
အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အနီးတဝိုက်မှ အိမ်ထောင်စု (၃၀) ကျော်ခန့် ယမန်နေ့ညနေပိုင်းတွင် ထိုင်းနယ်စပ်၊ လုလိုစခန်းဖက်သို့ ရောက်ရှိသွားကြောင်း MNDA ခေါ် မွန်အမျိုးသားကာကွယ်ရေးတပ်မှအရာရှိတစ်ဦး Satellite Phone ဖြင့် အသိပေးပြောကြား ခဲ့ပါသည်။
ဟလော့ဟနီစခန်းသို့ခြေလျှင်ခရီးတိမ်းရှောင် လာသူများနှင့် မွန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး
ထို့အတူ စစ်အစိုးရတပ်ရင်းစခန်းချရာ ထိုင်းနယ်စပ်ဘုရားသုံးဆူမြို့နှင့် (၅) ကီလိုမီအကွာရှိ မွန်ပြည်သစ်ပါတီတပ်တည်ရာ ဂျပန်ရေတွင်းနှင့် ကြံတောရွာသား များသည် လည်း တိုက်ပွဲများဖြစ်ပေါ်လျှင် ထိုင်းနယ်စပ်ဖက်ဖြတ်သန်းနိုင်ရန် အထုပ်အပိုးများပြင်ဆင်ထား၍ အခြေအနေများ စောင့်ကြည့်နေကြသည်ဟု သိရသည်။
အဆိုပါဒေသ၌တာဝန်ကျနေသူ မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက “မနေ့ကကြံတောမှာ ကျနော်တို့တပ်ဖြန့်ထားတာကို အစိုးရစစ်တပ်ဝင်လာတယ်လို့အထင်မှားပြီး ရွာသားတွေ ရုတ်ရုတ်ဖြစ်သွားသေးတယ်၊ နောက်တော့ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်၊ ခုတော့အခြေအနေတွေက မနေ့ကအတိုင်းပါပဲ” ဟု ဖုန်းဖြင့် ပြောဆိုခဲ့သည်။
တစ်ဖက်တွင်လည်း ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်အဖွဲ့ဝင်နှင့်အတူ နီးစပ်သည့်မိသားစုဝင်များ ထိုင်းနိုင်ငံဖက်သို့ပြောင်းရွေ့နေကြပြီး စစ်အစိုးရတပ်ဖွဲ့များလည်း မြို့လုံခြုံရေးကိုတိုးမြင့်ချထားကြောင်း တွေ့ရှိသူအချိုးက ဖုန်းဖြင့်အကြောင်းကြားပါသည်။
တဖန် မွန်ပြည်သစ်ပါတီဗဟိုဝန်းကျင်ဒေသတဝိုက် လက်အောက်ခံကျေးရွာများဖြစ်ကြသည့် ပနန်းပုန်၊ သုဝဏ္ဏဘုမ္မိ၊ ကျောဟပရု၊ ဂနီ၊ ဖလန်းနှင့် ဝယ်ဇင်အစရှိသော ရွာသားအများအပြား ရေးမြို့ဖက်သို့၄င်း၊ အချို့မှာထိုင်းနယ်စပ် ဟလော့ဟနီစခန်းသို့၄င်း မိသားစုအလိုက် ပြောင်းရွေ့နေကြသည်။
ယခုအခါ ဟလော့ဟနီစခန်းသို့ စစ်ပြေးတိမ်းရှောင်လာသူ ၅၂၉ ဦးရှိပြီး မိသားစုပေါင်း ၁၂၂ စု ရောက်ရှိနေကြောင်း မွန်ကယ်ဆယ်ရေးဌာနမှ ပြောကြားပါသည်။
အပစ်ရပ်မွန်ပြည်သစ်ပါတီသည် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံသလို ပြည်သူ့စစ်ပုံစံမျိုးကိုလည်း အသွင်ပြောင်းမည်မဟုတ်ကြောင်း စစ်အစိုးရထံ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင်တရားဝင် အကြောင်းကြားခဲ့ပြီးသည့်နောက် စစ်အစိုးရတပ်ချေမှုန်းခြင်းမခံမိစေရန် မွန်ပြည်သစ်တပ်ဖွဲ့များအား အမြင့်ဆုံးတပ်လှန့် ထားသည်ဟု သိရှိရသည်။