ချင်းတိုးတက်သောပါတီ(စီပီပီ)၏ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဦးနိုးထန်ကပ်ကို ၂ဝ၁ဝ ရွေး ကောက်ပွဲ တွင် အမတ်လောင်း အဖြစ်ဝင်ရောက် ယှဉ်ပြိုင် ခြင်းမပြုရန် ပါတီခေါင်း ဆောင်တချို့က တောင်းဆို လိုက်သည် ဟု သိရသည်။
ဦးနိုးထန်ကပ်သည် ချင်းအမျိုးသားတပ်ဦး ဥက္ကဌ နှင့် စစ်သေနာပတိချုပ် တာဝန်ကို ယခင်ကထမ်း ဆောင်ခဲ့ဘူးသူတဦး ဖြစ်ပြီး သူတာဝန်ယူစဉ်ကာလက ၄င်း၏ပြစ်မှု များကြောင့် ချင်း အမျိုးသားတပ်ဦးမှ ရာသက်ပန်ထုတ်ပယ်ခြင်းခံထားရ သူဖြစ်သည်။
ယင်းကဲ့သို.နောက်ကြောင်းရာဇဝင်များရှိခဲ့ဘူးသည့်ဦးနိုးထန်ကပ်သည် စီပီပီပါတီကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ပါက သူတို.ပါတီအနေဖြင့် အများကြီး ဆုံးရှုံးနစ်နာနိုင်သည်ဟု ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် စီပီပီ တာဝန်ခံ ဦးNahthang က ပြောသည်။
“ဒီလိုတောင်းဆိုတာကတော့ ဦးနိုးထန်ကပ်ကို မုန်းလို့မဟုတ်ဘူး၊ သူသာ ရွေးကောက်ပွဲဝင်ယင် သူ့နောက်ကြောင်း တချို့ တွေ ကြောင့် ကျနော်တို့ ပါတီ အနိုင်မရမှာ စိုးလို့ပဲ” ဟုသူကပြောသည်။
ယင်းတောင်းဆိုကမ်းလှမ်းချက်အပေါ်ဦးနိုးထန်ကပ်မှတစုံတရာအကြောင်းပြန်ခြင်းမရှိသေးကြောင်းသိရသည်။
“သူအကြောင်းပြန်တာမပြန်တာထက် သူရွေးကောက်ပွဲမဝင်ဘို့က ပိုအရေးကြီးတယ်၊ ကျတော်တို့ဒေသခံ တွေက တော့ သူ့ကိုမလိုချင်ဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။
ဦးနိုးထန်ကပ်အနေဖြင့် ယခု ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည်မဟုတ်ကြောင်းယုံကြည်ထားသော် လည်း ဆင်းရဲ သော ချင်းပြည်သူများအတွက် တစုံတရာသော အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ယုံကြည်ထားသဖြင့် ဖလမ်းမြို့နယ်၊မဲဆန္ဒ နယ်မှ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေ သည်ဟု သိရသည်။
ချင်းတိုးတက်သောပါတီသည် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် မဆလခေတ်က လူဟောင်း များ၊ အကျင့် စာရိတ္တပျက်ပြားသည်ဟု ဒေသခံများက ယုံကြည် ထားသူများကို အတတ်နိုင်ဆုံးရှောင်ရှား ရန် ရည်ရွယ်ထားကြသည် ဟု ထပ်မံသိရသည်။