ရာနှင့်ချီသော တိမ်းရှောင်သူများ ဟလော့ဟနီမွန် ဒုက္ခသည်စခန်းသို့ ရောက်ရှိ

ရာနှင့်ချီသော တိမ်းရှောင်သူများ ဟလော့ဟနီမွန် ဒုက္ခသည်စခန်းသို့ ရောက်ရှိ
by -
မင်းချမ်း
ထိုင်းနယ်စပ်အနီးရှိ ဟလော့ဟနီမွန်ဒုက္ခသည်စခန်းသို့ တိမ်းရှောင်လာသူ (၄၀၀) ကျော်ခန့်ရောက်ရှိနေကြောင်း စခန်းတာဝန်ခံတစ်ဦးနှင့် ယနေ့ဆက်သွယ်မေးမြန်း ချက်တွင်....

ထိုင်းနယ်စပ်အနီးရှိ ဟလော့ဟနီမွန်ဒုက္ခသည်စခန်းသို့ တိမ်းရှောင်လာသူ (၄၀၀) ကျော်ခန့်ရောက်ရှိနေကြောင်း စခန်းတာဝန်ခံတစ်ဦးနှင့် ယနေ့ဆက်သွယ်မေးမြန်း ချက်တွင် ပြောပြပါသည်။

“လောလောဆယ် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာ ယာယီနေရာချထားတယ်၊ အစားအသောက်တွေကိုတော့ စခန်းကပဲချက်ပြီး ဝေပေးတယ်” ဟု အဆိုပါစခန်းတာဝန်ခံက ရှင်းပြပါသည်။

ဟလော့ဟနီစခန်းသို့ ရောက်ရှိနေသောစစ်ပြေးတိမ်းရှောင်သူများယနေ့မြင်တွေ့ရပုံ

၄င်းတိမ်းရှောင်လာသူများမှာ မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်းရှိ ရေးချောင်းဖျားဒေသမှ ခလေး၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးအများစုဖြစ်ကြပြီး စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသူများဟု သိရသည်။

တဖန် ဟလော့ဟနီစခန်းအတွင်း လက်ရှိနေထိုင်သူများသည်လည်း မြန်မာစစ်အစိုးရတပ်များ ထိုးစစ်ဆင်ခဲ့လျှင် ထိုင်းနယ်မြေဖက်သို့ ထွက်ပြေးဝင်ရောက်နိုင်ရန် အထုပ်အပိုးများပြင်ဆင်ထား၍ အခြေအနေများ စောင့်ကြည့်နေကြရကြောင်း စခန်းနေသူအချို့နှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

စခန်းနေ နိုင်ဝင်းက “လူတွေလှုပ်ရွလှုပ်ရွဖြစ်နေတယ်၊ ဒီနေ့တနင်္ဂနွေနေ့ဖြစ်လို့ ပစ္စည်းတွေထိုင်းဖက်ကိုကားနဲ့ သယ်ထုတ်လို့မရဘူး၊ ဂိတ်တွေသံဆူးကြိုးတွေနဲ့ တားထားတယ်” ဟု ကောင်းဝါသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။

ဟလော့ဟနီစခန်းသည် ပုံမှန်အားဖြင့် လူဦးရေ (၃၅၀၀) ဦးဝန်းကျင်ခန့် နေထိုင်လျှက်ရှိပြီး TBBC အဖွဲ့မှ စားနပ်ရိက္ခာများ လစဉ်ထောက်ပံ့ပေးနေသည်ဟု မွန်ကယ်ဆယ်ရေးဌာနမှ ပြောပါသည်။

သတင်းမှတ်တမ်းများအရ ဟလော့ဟနီမွန်ဒုက္ခသည်စခန်းကို ၁၉၉၂-၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည်ဟု သိရသည်။