နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆိုနေသော မွန်ပြည်သစ်ပါတီ New Mon State Party (NMSP) က ပြည်သူ့စစ်အဖြစ် ပြောင်းလဲရေးကိုလည်း လက်မခံကြောင်း ပါတီတာဝန်ရှိသူက ယနေ့ ပြောဆိုလိုက်သည်။
ယခင်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဖိအားပေးနေရာမှ ယခုလ ရ ရက်နေ့ ၌ စရဖ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က NMSP ဒုဥက္ကဌနိုင်ရော့စ ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် မော်လမြိုင် မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ် မပြောင်းလိုပါက ပြည်သူ့စစ် အသွင်ပြောင်းရန် ပြောဆိုခဲ့သည်ဟု NMSP ပြောခွင့်ရ နိုင်ခြေးမွန်က ဆိုသည်။
ပြည်သူ့စစ် အသွင်ပြောင်းရန်ကိုလည်း ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် ရာဇသံပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် NMSP ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားဒေသတွင် ယခုလ ၂၁ ရက်နေ့က ဗဟိုအလုပ် အမှုဆောင် အရေးပေါ် အစည်းအဝေးမှ ပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် လက်မခံနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ယင်းဆုံးဖြတ်ချက်အား NMSP မှ ကျန်းမာရေးဌာန တာဝန်ခံ ဗိုလ်မှူးနိုင်လှက အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းထံ ယမန်နေ့ စာဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံနိုင်ကြောင်း ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို လည်း ထိုင်းနယ်စပ် တနေရာတွင် ယနေ့ ပြုလုပ်ခဲ့သည်။
နိုင်ခြေးမွန်က “အမျိုးသား အခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းပေးနိုင်ခင် တပ်ဖွဲ့များ အသွင်ပြောင်းရန် များစွာ အခက်အခဲ ရှိပါသည်။ မွန်ပြည်သစ်ပါတီနှင့် တပ်ဖွဲ့ဝင်များ၊ မွန်မျိုးချစ် ပြည်သူ များအနေဖြင့် ပြည်သူ့စစ်ကို လက်ခံလိုသော ဆန္ဒမရှိပါ” ဟု ယနေ့ သတင်းစာရှင်းပွဲ၌ ပြောသည်။
မွန်ပြည်သစ်ပါတီက ၁၉၉၅ ခု အပစ်ရပ်ဆဲစဉ်က စစ်အစိုးရ အကြီးအကဲများက သဘောထား ပေးထားသည့်အတိုင်း နိုင်ငံရေး ကိစ္စများကို နောင်တက်လာမည့် ဒီမိုကရေစီ အစိုးရသစ်နှင့်သာ ညှိနှိုင်းဆွေးနွေးမည်ဟုလည်း ဆိုသည်။
ထို့ပြင် လက်ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ အုပ်ချုပ် ကွပ်ကဲမှုအောက်တွင် ထားရှိသင့်ကြောင်းလည်း ပြောသည်။
စစ်အစိုးရလက်အောက်သို့ သွတ်သွင်းမည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦး ပါဝင်ပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ အုပ်ချုပ်ရေးအပိုင်းမှ အရာရှိ ၃၀ ကို ထည့်သွင်းမည် ဖြစ်သည်။
ယနေ့တွင် ရေးချောင်းဖျား အရှေ့ဘက်ရှိ တပျို့ချောင်း Beeree Camp (မွန်ဘာသာဖြင့် တိုးဟပယောက်) ရှိ ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ် နိုင်ထောမော် နေထိုင်သော မွန်ပြည်သစ်ပါတီရုံးအနီးတွင် နအဖ စစ်သားများ ရောက်ရှိလာကြောင်း မဇ္ဈိမမှ စုံစမ်း သိရှိရသည်။
လက်နက်ကိုင် စစ်သည်အင်အား ရ၀၀ ခန့်ရှိ NMSP က ထိန်းချုပ်နယ်မြေ မော်လမြိင်ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံခရိုင်၊ ရေးချောင်းဖျားရှိ ဗဟိုကွင်၊ ဘုရားသုံးဆူဒေသများ ဖြစ်သည်။
စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲပြုလုပ်သော်လည်း မြန်မာပြည် နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း မဟုတ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုထားသည်။
NMSP ပါတီသည် အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမျိုးသားညီလာခံ၏ လုပ်ထုံး လုပ်နည်းများအပေါ် သဘောမတူသဖြင့် အမျိုးသား ညီလာခံမှ ပြန်ထွက်ကာ လေ့လာသူ အဖြစ်သာ ဆက်လက် တက်ရောက်ခဲ့သည်။
၁၉၅၈ ခုနှစ်အတွင်း တည်ထောင်ခဲ့သည့် NMSP သည် မွန်အမျိုးသားများ အပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်ခဲ့ရာမှ ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲခဲ့သည်။