အမတ်တနေရာရလျှင်ပင် အကျိုးရှိမည်ဟု ရှမ်းပါတီသစ် ပြောဆို

အမတ်တနေရာရလျှင်ပင် အကျိုးရှိမည်ဟု ရှမ်းပါတီသစ် ပြောဆို
by -
ခိုင်စု
လွှတ်တော်အတွင်း နေရာတနေရာ ရရှိလျှင်ပင် ပြည်နယ်အကျိုးရှိမည်ဟု ယုံကြည်သဖြင့် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မှ ပါတီအသစ်တခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက...

လွှတ်တော်အတွင်း နေရာတနေရာ ရရှိလျှင်ပင် ပြည်နယ်အကျိုးရှိမည်ဟု ယုံကြည်သဖြင့် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မှ ပါတီအသစ်တခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြောဆိုသည်။

ယခုလ ၈ ရက်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်၌ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ရှမ်းပြည်နယ်ရှိ ၅၅ မြို့နယ်အနက် မြို့နယ် ၄ဝ ခန့်နှင့် အခြား ပြည်နယ်/တိုင်း မြို့နယ်တချို့တွင်ပါ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။

“ကျနော်တို့က ရှမ်းပြည်နယ်အပြင် ရှမ်းတိုင်းရင်သားတွေရှိတဲ့ တိုင်းနဲ့ ပြည်နယ် တချို့မှာလည်း ဝင်ပြိုင်သွားမယ်။ နိုင်ခြေရှိတဲ့ နေရာတွေမှာ ဝင်ပြိုင်သွားမယ်။ အစိုးရအသစ် ပေါ်လာတဲ့အခါ ကိုယ်က လွှတ်တော်မှာ နေရာတခု ရထားရင် ပြည်နယ်အကျိုး၊ အမျိုးသားအကျိုး ဆောင်ရွက်နိုင်မှာပါ” ဟု ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါဝ်းက မဇ္ဈိမကို ပြောသည်။

ပါတီအား ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူးဟောင်းဖြစ််ပြီး၊ ဆားလုပ်ငန်းနှင့် ကောဖီခြံ စိုက်ပျိုးရေးလုပ်ငန်းရှင် ဦးစိုင်းအိုက်ပေါဝ်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး၊ ၁၉၉ဝ ရွေးကောက်ပွဲတွင် ကျောက်မဲမြို့ မဲဆန္ဒနယ် အမှတ် ၂ မှ ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက ဒုဥက္ကဋ္ဌ ဖြစ်သည်။

ကျောင်းဆရာဟောင်းနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နာယကဖြစ်သော ဦးစိုင်းအိုက်ပေါင်းသည် ရန်ကုန်ရောက် ရှမ်းများအကြား ထင်ပေါ်ကျော်ကြားသူဖြစ်သည်။

သူ၏ ပါတီဟောင်းဖြစ်သည့် SNLD ကမူ ထောင်ဒဏ်နှစ်ရှည်ကျခံနေရသော ပါတီခေါင်းဆောင်များကို လွှတ်ပေးမှသာ ရွေးကောက်ပွဲဝင်ရေး စဉ်းစာမည်ဟု ကြေညာထားသည်။ SNLD သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၃ နေရာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် ဒုတိယအများဆုံး အောင်နိုင်ခဲ့သည်။

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ရုံးချုပ်ကို ရန်ကုန်တွင် ပါတီရုံးချုပ်ထားရှိမည်ဖြစ်ကာ ပါတီဝင် အရေအတွက်ကို သတ်မှတ်ထားသည့် ကာလအတွင်း ပြည်မီအောင် စည်းရုံးနိုင်လိမ့်မည်ဟု အသက် ၆၅ နှစ်အရွယ် ပါတီဥက္ကဋ္ဌက ပြောဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းမှနေ၍ ပအိုဝ့် အမျိုးသားအဖွဲ့ချုပ်၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ဝ' ဒီမိုကရေတစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ရွေးကောက်ပွဲဝင်ရန် ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး ဖြစ်သည်။

ရှမ်းပြည်နယ်တွင် ၅၅ မြို့နယ် ရှိသည့်အနက် ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးတွင် ၆ မြို့နယ်၊ ပအိုဝ့် ကိုယ်ပိုင်အုပ်ခွင့်ရဒေသတွင် ၃ မြို့နယ်၊ (တအောင်း) ပလောင် ကိုယ်ပိုင်အုပ်ခွင့်ရဒေသတွင် ၂ မြို့နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ခွင့်ရဒေသတွင် ၂ မြို့နယ်နှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ်တို့လည်း ပါဝင်သည်။

Most read this week