စစ်အစိုးရသည် ပြိုင်ဘက်ဖြစ်မည်ဟု ပဒမတ ပြော

စစ်အစိုးရသည် ပြိုင်ဘက်ဖြစ်မည်ဟု ပဒမတ ပြော
by -
မင်းသက်
ပြည်ထောင်စု ဒီမိုကရေစီပါတီသာ ရွေးကောက်ပွဲဝင်ခွင့် ရမည်ဆိုပါက ပြိုင်ဘက်ပါတီမှာ လက်ရှိ စစ်အစိုးရက ထူထောင်လာမည့် ပါတီများ ဖြစ်လာလိမ့်မည်ဟု ပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက...

ပြည်ထောင်စု ဒီမိုကရေစီပါတီသာ ရွေးကောက်ပွဲဝင်ခွင့် ရမည်ဆိုပါက ပြိုင်ဘက်ပါတီမှာ လက်ရှိ စစ်အစိုးရက ထူထောင်လာမည့် ပါတီများ ဖြစ်လာလိမ့်မည်ဟု ပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက ဟောကိန်းထုတ်လိုက်သည်။

ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခွင့် လျှောက်ထားသော ပဒမတ ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်း၌ ယနေ့ကျင်းပရာတွင် ပြောသွားခြင်း ဖြစ်သည်။

တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီး ဘက်စုံပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်အောင် စီစဉ်ခြင်း၊ မီဒီယာလွတ်လပ်ခွင့်ပေးခြင်းနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများကို ခွင့်ပြုခြင်းတို့ လုပ်ပေးသင့်သည်ဟုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဦးဖြိုးမင်းသိမ်းက ပြောသည်။

စစ်အစိုးရမှာမူ ၎င်း၏ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ သတင်းမပေါက်အောင် လုပ်ဆောင်လျက် ရှိသည်။ သို့သော် ခြင်္သေ့တံဆိပ်ကိုပင် အသုံးပြုသွားမည့် ပြည်ထောင်စု ကြံ့ခို်င်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားကြီးပွားတိုးတက်ရေးပါတီတို့ အပါအဝင် ပါတီ ၃ ခုကို တိုက်ရိုက်ထူထောင်မည်ဟု ကြံ့ဖွံ့ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ သြဇာမကင်းသောသူများကို ပါတီများ မှတ်ပုံတင်ခြင်း ပြုလုပ်ခိုင်းပြီး စောင့်ကြည့်သွားမည်ဟုလည်း တိုင်းအဆင့်ရှိ ကြံ့ဖွံ့ခေါင်းဆောင်က ပြောသည်။

ကြံ့ဖွံ့အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု အဖွဲ့ခေါင်းဆောင်များအကြား ကျယ်ပြန့်စွာ ယုံကြည်နေကြသည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုသားနိုင်ငံရေးအဖွဲ့ချုပ်တို့ကို ပါတီမှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

အဓိက အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်သဖြင့် ပါတီမှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ထားသည်။ ပြည်ပရောက် အတိုက်အခံအဖွဲ့များက ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းမှု ပြုလာနေကြသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ရည်ရွယ်၍ မှတ်ပုံတင်လျှောက်ထားသော ပါတီသစ် ၁၆ ဖွဲ့နှင့် ပါတီဟောင်း ၃ ပါတီ ရှိသည်။