ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင်ပုဂ္ဂိုလ်များ ဝမ်းမြောက်

ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင်ပုဂ္ဂိုလ်များ ဝမ်းမြောက်
by -
ဆလိုင်း ဟံသာစန်း
အမေရိကားရောက် မြန်မာမိသားစုများက ချီးမြှင့်မည့် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင် စာရင်းတွင် ပါဝင်သဖြင့် ဝမ်းသာဂုဏ်ယူမိကြောင်း ဆန်ကာတင် အရွေးခံရသူ လူမှုဝန်ထမ်းများက....

အမေရိကားရောက် မြန်မာမိသားစုများက ချီးမြှင့်မည့် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင် စာရင်းတွင် ပါဝင်သဖြင့် ဝမ်းသာဂုဏ်ယူမိကြောင်း ဆန်ကာတင် အရွေးခံရသူ လူမှုဝန်ထမ်းများက ပြောသည်။

ဆုအတွက် ဆန်ကာတင် ၅ ဦးမှာ သီတဂူဆရာတော် ဦးဉာဏိဿရ၊ ကိုဇာဂနာ၊ ကိုကျော်သူ၊ မဖြူဖြူသင်းနှင့် ရှေ့နေဦးအေးမြင့်တို့ဖြစ်ကြောင်း ဆုပေးအပ်မည့် Citizen of Burma Award အဖွဲ့က ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

“ဆုက ရရ မရရပါ။ ဒီလို ဆန်ကာတင် ၅ ဦးထဲမှာ ပါတယ်ဆိုတော့ ကျနော်လည်း ဝမ်းသာပါတယ်။ မြန်မာပြည်တွင်းမှာ ကျနော်တို့ လုပ်ဆောင်နေတဲ့အပိုင်းမှာ ပြည်ပက မြန်မာတွေက အခုလို အသိအမှတ် ပြုတဲ့အတွက်လည်း ဂုဏ်ယူပါတယ်” ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကျော်သူက ပြောသည်။

ကလေးစစ်သားအမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် လယ်ယာမြေအသိမ်းခံရသည့် အမှုများကို ၂ဝဝ၃ ခုနှစ်ကပင် အခမဲ့အကျိုးဆောင်ပေးနေသည့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ရှေ့နေဦးအေးမြင့်ကလည်း “ဆန်ကာတင် စာရင်းမှာပါတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ငွေကြေးကြောင့် မဟုတ်ပါဘူး။ အများပြည်သူက လေးစားအသိအမှတ်ပြုခြင်းကို ခံရတဲ့အတွက်ပါ” ဟု ပြောသည်။

မြန်မာပြည်တွင်းတွင် အခက်အခဲအမျိုးမျိုးကြားမှ လုပ်ဆောင်နေကြသည့် စေတနာ့ဝန်ထမ်းများအတွက် ပြည်သူ့ဂုဏ်ရည်ဆုသည် အားတရပ်ဖြစ်စေကြောင်း AIDS ဝေဒနာရှင်များကို ၂ဝဝ၂ ခုနှစ်ကတည်းက ပြုစုစောင့်ရှောက်ပေးလာခဲ့သည့် မဖြူဖြူသင်းက ပြောသည်။

နာဂစ်ဒုက္ခသည်များကို ကူညီမှုဖြင့် မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ကျခံနေရသူ ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းကလည်း “အများပြည်သူကို ကူညီလို့ ဆုပေးမယ့် ဆန်ကာတင်စာရင်းထဲမှာ သူပါဝင်တဲ့အတွက် မိသားစုဝင်တွေအားလုံးက ဂုဏ်ယူကြပါတယ်။ ဒီလို ဆန်ကာတင်စာရင်း ပါတာလေးက ထောင်ထဲမှာရှိနေတဲ့ သူ့အတွက် အားတရပ် ဖြစ်စေမှာပါ” ဟု ဆိုသည်။

ပြည်သူ့ဂုဏ်ရည်ဆုအတွက် ယခုနှစ် မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အတွင်း မြန်မာပြည်တဝှန်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၏ အမည်စာရင်းတင်သွင်းရန် မြန်မာပြည်တွင်းနှင့် နိုင်ငံတကာရှိ မြန်မာများထံ တောင်းခံခဲ့ရာ သံဃာတော် ၅ ပါ၊ အသင်းအဖွဲ့ ၁ဝ ဖွဲ့၊ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၂၄ ဦး စာရင်းလက်ခံရရှိခဲ့သည်။

စာရင်းတင်သွင်းသူ ၂၄ ဦးထဲမှ ဆန်ကာတင် ၅ ဦးရွေးချယ်ရန် ပြည်သူ့ဂုဏ်ရည်ဆု စီစဉ်သူ အမေရိကားရှိ မြို့ ၁၄ မြို့မှ မြန်မာမိသားစုများထံ တောင်းခံခဲ့ရာ ယခုလ ၁၂ ရက်နေ့တွင် အထက်ပါ လူပုဂ္ဂိုလ် ၅ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဆုရရှိသူကို ယခုလ ၂၄ ရက်နေ့တွင် လော့စ်အိန်ဂျလိမြို့၌ အခမ်းအနားဖြင့် ကြေညာမည်ဖြစ်ကာ ဆုအတွက် အမေရိကန် ဒေါ်လာ ၅ဝဝဝ နှင့် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ရန် စီစဉ်ထားကြောင်း သိရသည်။