ပုဏ္ဍားကျွန်း မင်းချောင်းကို ရထားလမ်းအတွက် ပိတ်ဆည်မူကြောင့် ခရီးသွားပြည်သူများ ဒုက္ခရောက်

ပုဏ္ဍားကျွန်း မင်းချောင်းကို ရထားလမ်းအတွက် ပိတ်ဆည်မူကြောင့် ခရီးသွားပြည်သူများ ဒုက္ခရောက်
ရခိုင်ပြည်နယ်၏ အဓိက အသွားအလာ အများဆုံး ရေလမ်းကြောင်း တည်ရှိရာ ပုဏ္ဍားကျွန်း မင်းချောင်းကို အာဏာပိုင်များက ရထားလမ်း အတွက် ပိတ်ဆို့ ဆည်မူကြောင့် ရခိိုင်ပြည်သူများစွာ အခက်ကြံု တွေ့နေရသည်ဟု ဒေသခံများက....

ရခိုင်ပြည်နယ်၏ အဓိက အသွားအလာ အများဆုံး ရေလမ်းကြောင်း တည်ရှိရာ ပုဏ္ဍားကျွန်း မင်းချောင်းကို အာဏာပိုင်များက ရထားလမ်း အတွက် ပိတ်ဆို့ ဆည်မူကြောင့် ရခိိုင်ပြည်သူများစွာ အခက်ကြံု တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

အမည်မဖေါ်လိုသူ ဒေသခံ တဦးက “ သူတို့က အဲဒီချောင်းကို ရေဖြူကန် အနီးက ပိတ်ဆို့ ဆည်လိုက်ပါတယ်။ ဒေသခံ ပြည်သူတွေထဲက ဘယ်သူ့ကိုမှ တိုင်ပင်တာ ညှိနိုင်းတာ မလုပ်ဘဲ သူတို့ သဘောနဲ့ သူတို့ ဆည်လိုက် တာပါ။ အဲဒီလို ဆည်တာက ရထားလမ်းအတွက် ဖြစ်ပါတယ်။ အဲဒီ ချောင်းကို ဖြတ်ပီး တံတားထိုးရင် ရပေမယ့် တံတား မထိုးဘဲ ပိတ်ဆည် လိုက်တဲ့ အတွက် ဟိုဘက် ဒီဘက် လှေတွေ၊ မော်တော် ဘုတ်တွေနဲ့ ခရီး သွားလာလို့ မရ ဖြစ်သွားတယ်။ လူထုတွေ တော်တော်ကို ဒုက္ခ ရောက်သွား ကြရပါတယ်” ဟု ပြောသည်။

အဆိုပါ မင်းချောင်းမှာ ပုဏ္ဍားကျွန်းမြို့ အနီးမှ စီးဆင်းနေသော ချောင်းဖြစ်ပြီး ကုလားတန်မြစ်နှင့် မေယု မြစ်အကြား ဆက်သွယ်ထားသော တခုတည်းသော လမ်းပေါက် ဖြစ်ပြီး နာရီ အနည်းငယ် အတွင်း လောင်းလှေများ စက်တပ် လှေများဖြင့် တဘက်နှင့် တဘက်ကို သွားလာနိုင်သော ရေလမ်းကြောင်း တခု ဖြစ်သည်။

“ ဒီလမ်းကြောင်းက အဓိက ဆက်သွယ်ရေး လမ်းကြောင်း တခုဖြစ်ပါတယ်။ မော်တော် စက်လှေတွေနဲ့ လှေ သဗ္ဗာန်တွေ အချိန်အတိုအတွင်း ဖြတ်သန်း သွားလာလို့ ရတဲ့ချောင်း ဖြစ်ပါတယ်။ ဒီကုလားတန်မြစ်ဘက်က လာတဲ့ စက်လှေတွေ၊ သဗ္ဗာန်တွေ၊ လှေတွေ အနေနဲ့ ကုလားတန် မြစ်ဝ - စစ်တွေထိ သွားစရာမလိုဘဲ အဲဒီချောင်း က ဖြတ်သွားရန် ရသေ့တောင် မြို့နယ်ဘက်ကို အချိန်တို အတွင်း ရောက်သွားနိုင်ပါတယ်။ ပုဏ္ဍားကျွန်းက တောဖျားချောင်း ကို သွားချင်တဲ့ စက်လှေတွေ လှေသဗ္ဗာန် တွေ အနေနဲ့လည်း မင်းချောင်းက ဖြတ်ပီး သွားလာရတာပါ။ အခုဆို ရထားလမ်းအတွက်ပိတ်ဆည်ထားတဲ့ အတွက် သွားလာလို့ မရ ဖြစ်သွားပါပြီ။ နအဖ စစ်အစိုးရ ဆိုတာ တော်တော်ဆိုးတဲ့ အစိုးရ ဖြစ်ပါတယ်။ လူထုတွေ ဒုက္ခရောက်တာကို ဘယ်တော့မှ မစဉ်းစားပါဘူး။ သူတို့ လုပ်ချင်တာကို လုပ်နေတာပါဘဲ” ဟု သူက ပြောသည်။

အမည်မဖေါ်လိုသူ မြို့နယ် အင်ဂျင်နီယာ တဦးအား ချောင်းအား ပိတ်ဆည်ရခြင်း အကြောင်းကို မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“အဓိကတော့ စစ်အစိုးရ အနေနဲ့ ရထားလမ်းအတွက် တံတားထိုးရင် ငွေပို ကုန်ကျမယ်။ ရထားလမ်းအတွက် ဘတ်ဂျက်ငွေလည်း စစ်အစိုးမှာ သတ်သတ်မှတ်မှတ် မရှိဘူး။ ခုလို ငွေကုန် မခံလိုတာကြောင့် ချောင်းကို ပိတ်ဆို့ဆည်လိုက်တာ ဖြစ်ပါတယ်။ လူထုတွေရဲ့ ဒုက္ခကို သူတို့ နားလည် သဘောပေါက်တယ်ဆိုရင် ဘယ်ဒီလို လုပ်ပါ့မလဲ။”

ယခုအခါ စက်တပ်လှေများ အပါအဝင် တခြား လှေသဗ္ဗာန်များ အနေဖြင့် ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်ဘက်သို့ သွားလိုလျှင် ကုလားတန် မြစ်ဝထိ ဆင်းလာရပြီး ထိုမှ တဆင့် မင်းဂံချောင်းကို ဖြတ်ပြီး အမြင့်ကျွန်း ပေါက်မှ ထွက်ကာ ခြေတော်ရာမြစ်ကို ဖြတ်ပီး ရသေ့တောင်သို့ သွားလာရသည်ဟု သိရသည်။

“ခုလို မင်းဂံချောင်းက ဖြတ်ပီး သွားလာရတဲ့ အတွက် အနည်းဆုံး အချိန် ၁၀ နာရီခန့် ပိုကြာပြီး စက်သုံးဆီတွေလည်း အရမ်းကုန်ကျ သွားပါတယ်။ လှေငယ်တွေ အနေနဲ့လည်း ကုလားတန် မြစ်ဝထိ ထွက်လာရမယ်ဆိုတာကလည်း အရမ်းကို အန္တရာယ်များတယ်။ ရခိုင်လူထုက အခု အတော့်ကို ဒုက္ခရောက်သွားကြရပါပြီ”ဟု နောက်ထပ် ကုန်သည် တဦးကလည်း ပြောသည်။

ယခုကဲ့သို့ မင်းချောင်းကို ပိတ်ဆို့ ဆည်လိုက်မူကြောင့် များမကြာမှီ ချောင်းမှာ တိမ်ကော သွားနိုင်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မူများ အကြီး အကျယ် ပေါ်ပေါက်နိုင်ပြီး သာယာလှပသော ဦးရာဇ်တောင် စေတီ ပတ်ဝန်းကျင်ကို အဓိက ထိခိုက်စေနိုင်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လမ်းပေါက်ကို ရှေးရခိုင်ဘုရင်များ လက်ထက်ကတည်းက ရခိုင်ပြည်သူများ ခရီး သွားလာရာတွင် လွယ်ကူ ချောမွေ့စွာ သွားလာနိုင်ရန် အတွက် ဖေါက်ထား ခဲ့ခြင်း ဖြစ်သဖြင့် မင်းချောင်းဟု အမည်တွင်ကြောင်း ဒေသခံက ပြောသည်။

Most read this week