တရားမဝင် ထုတ်ရောင်းသည့် ကရင်နီပြည်မှ ခဲများ ဖမ်းဆီးခံရ

တရားမဝင် ထုတ်ရောင်းသည့် ကရင်နီပြည်မှ ခဲများ ဖမ်းဆီးခံရ
ကရင်နီပြည် အမှတ် ၂ ခရိုင် မော်ချီးဒေသတွင် ထွက်သော ခဲမဖြူများကို အပစ်ရပ်အဖွဲ့မှ ပြည်ပသို့ တရားမဝင် တင်ပို့သည့်အတွက် အစိုးရပိုင် ကုမ္ပဏီမှ အရေးယူ ဖမ်းဆီးလိုက်ကြောင်း...

ကရင်နီပြည် အမှတ် ၂ ခရိုင် မော်ချီးဒေသတွင် ထွက်သော ခဲမဖြူများကို အပစ်ရပ်အဖွဲ့မှ ပြည်ပသို့ တရားမဝင် တင်ပို့သည့်အတွက် အစိုးရပိုင် ကုမ္ပဏီမှ အရေးယူ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့နှင့် ကရင်နီသွေးစည်းညီညွတ်ရေး (ကြယ်ဖြူ) အဖွဲ့မှ ပိဿချိန် ၃၀၀ ရှိသော ခဲများကို ဧပြီလအစောပိုင်းက တရုတ် နယ်စပ်ဘက်သို့ တရားမဝင် တင်ပို့သောကြောင့် အစိုးရပိုင် ဦးပိုင်ကုမ္မဏီမှ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု အပစ်ရပ်အဖွဲ့စည်းမှ အမည်မဖော်လိုသူတဦးက ပြောသည်။

၎င်းက “မော်ချီးမှ လွိုင်ကော်သို့ တင်ပို့နေတဲ့ ခဲတွေကို မန္တလေးကနေ တရုတ်နယ်စပ်သို့ အဖွဲ့စည်းက အပြင်ကို ခိုးတင်တယ် ဆိုပြီး ဦးပိုင်ကုမ္ပဏီက တင်ပို့နေတဲ့ အဖွဲ့စည်းကားကို ဖမ်းဆီးတယ်။ ဖမ်းဆီးရမိတဲ့ အထဲမှာဆိုရင် ကလလတ အဖွဲ့က ကားတစ်စီးနဲ့ ကြယ်ဖြူ ကား အချို့တွေ ဖြစ်တယ်” ဟု ပြောသည်။

မော်ချီးဒေသခံ နေအိမ်တွင်းရှိ ၀ှက်ထားသော ခဲများကို ဦးပိုင်ကုမ္မဏီမှ လိုက်လံဖမ်းဆီးသည့်အပြင် မော်ချီးအနီးရှိ ဂိတ်မှ တရားမဝင် တင်ပို့နေသော အပစ်ရပ်အဖွဲ့အစည်း ခဲကားများကိုလည်း ဖမ်းဆီးခဲ့သည်။

“မော်ချီးဒေသမှာဆိုရင် ခဲလက်ခံစျေးနှုန်း တစ်ပိဿ ကျပ် ၆၀၀၀ ပဲ ကုမ္ပဏီက လက်ခံဝယ်ယူတယ်။ လွိုင်ကော်မှာတော့ အပြင်စျေး တစ်ပိဿ တစ်သောင်းနှစ်ထောင်ခန့် စျေးကွက် ရှိတယ်” ဟု ကုန်သည်ပွဲစားတဦးက ပြောသည်။

ကရင်နီပြည်ရှိ အပစ်ရပ်အဖွဲ့များသည် ခဲများကို ရောင်းချ၍ အဖွဲ့စည်း၏ ၀င်ငွေတစ်ခုအဖြစ် ရပ်တည်မှု ပြုလုပ်နေပါသည်။

ကရင်နီသွေးစည်းညီညွတ်ရေး (ကြယ်ဖြူ)မှ မြန်မာစစ်အစိုးရနှင့် ၁၉၉၆ ခုနှစ်တွင် အပစ်ခတ်ရပ်စဲရေး ယူခဲ့ပြီး ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ ၁၉၉၄ ခုနှစ်တွင် အပစ်ခတ်ရပ်စဲခြင်း ဖြစ်သည်။