ကရင်နီပြည်ရှိ လောပိတ ရေအားလျှပ်စစ် စက်ရုံ အမှတ် ၃ ကို အခုလပိုင်းကစ၍ တရုတ်အင်ဂျင်နီယာများမှ ပြန်လည်ပြင်ဆင် မွမ်းမံမှုများပြုလုပ်နေသည့်အတွက် မီတာခများ ထိုးတက် လာမည်ကို ပြည်သူများမှ စိုးရိမ်ပူပန်နေကြသည်။
ယခုလက်ရှိ လျပ်စစ်ပြန်လည်မွမ်းမံရာတွင် အင်ဂျင်နီယာများမှ မြန်မာပြည်ရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ဆောင်သောကြောင့် လျှပ်စစ်မီး စျေးနှုန်းများ တိုးမြင့်လာ နိုင်သည်ကို စိုးရိမ်မကင်းဖြစ်နေကြခြင်းဖြစ်သည်ဟု လွိုင်ကော်(သီရိဒေါ) မြို့ခံများကပြောပါသည်။
“လျှပ်စစ်ခတွေကို တယူနစ်ကို ကျပ်ငွေ ၃၀၀ လောက်တက်လာနိုင်ပါတယ် အခု တယူနစ် ၅၀ ကျပ်ကနေ တိုးတက်လာမယ့် အခြေအနေတွေကြောင့် ပိုပြီး စိုးရိမ်ရပါတယ်” ဟု လွိုင်ကော်မြို့ မှ လျှပ်စစ်သုံးနေသူတဦးက ပြောပါသည်။
ကရင်နီပြည်မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့သည် လောပိတ ရေအားလျှပ်စစ်စက်ရုံမှ ထွက်သည့် လျှပ်စစ်မီးကို ယနေ့တိုင်ပုံမှန်မရရှိသေးကြပေ။
“လောပိတမှာ ရေအားလျှပ်စစ်မီး ပုံမှန် မရှိတဲ့အပြင် မီတာခပါ တိုးကောက်နေတယ် ပြီးတော့ အမှတ် ၃ စက်ရုံရဲ့ လျှပ်စစ်ကိုလည်း တရုတ်ဆီမှာ ရောင်းဖို့ အတွက် ပြင်ဆင်နေပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ် အဲဒါကြောင့် ပြည်နယ်ရဲ့ အရင်းအမြစ်ကို နှမျောမိတယ််” ဟု လွိုင်ကော်မြို့မှ ကျောင်းသားလူငယ်တဦးကပြောသည်။
ထိုသို့ တရုတ်များနှင့် အကျိုးတူ စီးပွားရေး ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်နေသည့် ကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရသည် ပွင့်လင်းစွာ သတင်းထုတ်ပြန်မှုမရှိသေးကြောင်း သိရပါသည်။
ဘီလူးချောင်း အမှတ် ၁ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ သည် ကယားပြည်နယ် လွိုင်ကော်မြို့၏ ဒေါတချားကျေးရွာနှင့် လောကထူး ကျေးရွာအနီးတွင်တည်ရှိပြီး အမှတ် ၂ နှင့် အမှတ်၃ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံသည် လောပိတကျေးရွာအနီးတွင် တည်ရှိသည်။