ဗဟိုတရားရုံုးသို့ အန်အယ်ဒီ ကန့်ကွက်စာပို့

ဗဟိုတရားရုံုးသို့ အန်အယ်ဒီ ကန့်ကွက်စာပို့
by -
ဖနိဒါ
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တရားစွဲသည်ကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့သည်မှာ ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုတရားရုံးသို့ ယနေ့ စာပို့လိုက်သည်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက...

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တရားစွဲသည်ကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့သည်မှာ ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုတရားရုံးသို့ ယနေ့ စာပို့လိုက်သည်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်များ၏ ယခင်လ ၂၂ ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေးဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌ ဦးအောင်ရွှေ၏ လက်မှတ်ဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ၂၃ ရက်နေ့ တွင် ရန်ကုန်တရားရုံးချုပ်တွင် တရားစွဲဆိုသည်ကို တရားမဌာနမှ တာဝန်ရှိသူက “စီရင်ပိုင်ခွင့်” မရှိဟု ဆိုကာ အမှုတွဲကို လက်မခံပဲ ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၅ (က) (ဇ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅၊ ၅၄ အရ တရားစွဲဆိုခဲ့သည်ကို ယင်းသို့ ပယ်ချလိုက်သည်မှာ ဥပဒေပြဌာန်းချက် နှင့် မညီညွတ်ကြောင်း တရားသူကြီးချုပ်ထံသို့ ယနေ့ စာပို့လိုက်ခြင်း ဖြစ်သည်။

“အရင်တရားစွဲတော့ တရားရုံးက လက်မခံဘူးလေ။ အဲဒီလိုလက်မခံတာက ဥပဒေပြဌာန်းချက်နဲ့ မညီ ဘူး ဆိုပြီးတော့ တရားသူကြီးချုပ်ကို စာပို့တာပါ။ စာတိုက်နဲ့ ပို့တာပါ” ဟု အန်အယ်ဒီ ဗဟိုအလုပ် အမှု ဆောင် ရှေ့နေဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

“အဲဒီလို လက်မခံဘဲနဲ့ ပယ်ခွင့်မရှိဘူး။ ငြင်းတယ်ဆိုရင်လည်း ဘာကြောင့် ငြင်းတယ်ဆိုတာ စာနဲ့ မှတ် တမ်းရှိရမယ်။ အဲဒါမရှိဘဲနဲ့ ငြင်းတာဟာ ဥပဒေနဲ့ မညီဘူး အဲဒါကို တင်ပြတာပါ” ဟုလည်း သူက ဆို သည်။
စစ်အစိုးရ ခေါင်းဆောင်အား NLD က တရားစွဲသည်ကို လက်မခံဘဲ ပယ်ချလိုက်ခြင်းသည် မှန်ကန်မှု မရှိကြောင်းနှင့် ဥပဒေအကြောင်းအရ ဆက်လက်အရေးယူ ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ဆုံစဉ် သူမက သဘောထားပေးလိုက်ကြောင်း ဦးဉာဏ်ဝင်းထံမှ သိရသည်။

ယခင်လက ထုတ်ခဲ့သည့် ရွေးကောက်ပွဲ ဥပဒေများအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသူ နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် မြန်မာ့ နိုင်ငံရေးတွင် နိုင်ငံရေးပါတီတခုတွင် သာမန် ပါတီဝင်တဦး အဖြစ်နှင့်ပင် ပါဝင်ခွင့် ရမည်မဟုတ် ကြောင်း လေ့လာသိရသည်။