ရွေးကောက်ပွဲ လက်ခံသော သတင်းများကိုသာ ခွင့်ပြု

ရွေးကောက်ပွဲ လက်ခံသော သတင်းများကိုသာ ခွင့်ပြု
by -
ကျော်ခ
စစ်အစိုးရက ၂ဝဝ၈ ဖွဲ့စည်းပုံအား လူများစုက လက်ခံသည်ဟု ထင်မြင်စေမည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းများကိုသာ ရေးခွင့်ပြုထားကြောင်း ရန်ကုန်အခြေစိုက် အယ်ဒီတာများက....

စစ်အစိုးရက ၂ဝဝ၈ ဖွဲ့စည်းပုံအား လူများစုက လက်ခံသည်ဟု ထင်မြင်စေမည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းများကိုသာ ရေးခွင့်ပြုထားကြောင်း ရန်ကုန်အခြေစိုက် အယ်ဒီတာများက ပြောသည်။

စာပေစိစစ်ရေးက စာဖတ်ပရိသတ်အား မသိစေလိုသည့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဥပဒေများနှင့် ပတ်သက်၍ ထောက်ပြပြောဆိုသည့် သဘောထားမှတ်ချက်များကိုမူ စာလုံး (သို့) စာပိုဒ်အလိုက် ဖြတ် တောက်ကြောင်း သိရသည်။

“အစိုးရကလုပ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ယုံကြည်မှု ရှိလို့။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံးက လက်ခံတယ် ဆိုတဲ့ ပုံစံမျိုးကို ပြည်တွင်းမှာလည်း ပြချင်သလို နိုင်ငံတကာမှာလည်း ပြချင်တယ်။  အဲဒီ သဘောနဲ့ ရေးစေချင်တဲ့ သဘောပဲ။ တကယ့်ကို စိတ်ကောင်းစေတနာနဲ့ ပါတီတွေရဲ့ သဘောထားတွေ ကို  ပြလို့မရဘူး” ဟု ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“၂ဝ၁ဝ ရွေးကောက်ပွဲဟာ ယုံကြည်မှုရှိတယ်။ ဒီဟာသာ အရိပ်တခု ဖြစ်တယ်။ ဒီကနေပြီးတဆင့် တို့းချဲ့ပြီးတော့ ဒီမိုကရေစီရရှိရေးကို လုပ်လို့ရတယ် ဆိုတဲ့ဟာမျိုးကို ခွင့်ပြုတယ်။ ဒါကိုလက်ခံမှ ရမယ် ဆိုတဲ့ အာဘော်တွေ အပြည့်ဖေါ်ပြလို့ရတယ်” ဟု သူက ဆက်ပြောသည်။

ဂျာနယ်များတွင် ပါရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်- NLD ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်သည့် သတင်း၌ မှတ်ပုံမတင်ကြောင်း ဆုံးဖြတ်ခြင်းကိုသာ ဖော်ပြထားပြီး ရွေးကောက်ပွဲ ဥပဒေများသည် “တရားမျှတမှု” မရှိသဖြင့် မှတ်ပုံ မတင်ခြင်းဖြစ်သည်ဟု NLD ၏ ပြောဆိုချက်ကိုမူ ထိန်ချန်ခဲ့ကြောင်း တွေ့ရသည်။

ပြီးခဲ့သည့်လက ထွက်လာသည့် ရွေးကောက်ပွဲဥပဒေများတွင် ပါတီထောင်လိုသူများသည် ၂ဝဝ၈ ဖွဲ့စည်း ပုံကို ထောက်ခံကာကွယ်ပါမည်ဟု ဝန်ခံကတိထိုးရန် ပါရှိသဖြင့်လည်း NLD က သူတို့၏ မူဝါဒနှင့် မကိုက် ညီသဖြင့် ရွေးကောက်ပွဲ မဝင်ခြင်းလည်း ဖြစ်သည်။

စစ်အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကြ သည့် သတင်းများကိုမူ ဓာတ်ပုံများနှင့်တကွ ဖော်ပြခွင့်ရထားသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီဝင်တချို့က ရွေးကောက်ပွဲဥပဒေနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ယုံကြည်ထောက်ခံကြောင်းများကိုလည်း ရေးခွင့်ပြုပြီး ဆန့်ကျင်ဘက်အမြင်များကို ထည့်ရေးခွင့် မရှိ ကြောင်း အခြား ပြည်တွင်းအယ်ဒီတာတဦးကလည်း ထောက်ပြသည်။

ရွေးကောက်ပွဲဥပဒေများတွင် ထောင်ဒဏ်အပြစ်ပေးခံထားရသူများ၊ အယူခံဝင်နေသူများကို နိုင်ငံရေး ပါတီဝင် အဖြစ်ပင် လက်မခံရန် ထည့်သွင်းရေးဆွဲထားသည်။

နိုင်ငံတကာနှင့် ကုလသမဂ္ဂကမူ မတရားထောင်ဒဏ်ချမှတ်ခံထားရသူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်သဖြင့် ထောင်ကျနေသည့် နိုင်ငံရေးအကျဉ်းသားများကို အမြန်လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန် တောင်းဆိုနေသည်။

သို့သော် အစိုးရ အာဘော်ဆောင်းပါးများ ဖေါ်ပြပေးလေ့ရှိသည့် နာမည်ကြီး First Eleven Sport အားကစားဂျာနယ်၏ ယနေ့ထုတ် စာမျက်နှာ ၁၉ မှ ဥပဒေဘက်တော်သားတဦး ဆိုသူ၏ “နောင်သမိုင်း ကြောင်း မှောင်မိုက်မသွားရလေအောင် (၁)” ခေါင်းစဉ်ပါ နိုင်ငံရေးအကျဉ်းသားများကို ရာဇဝတ်သားများ သဖွယ် ရေးသားထားသော ဆောင်းပါးကိုမူ ဖေါ်ပြခွင့်ပြုထားသည်ကို တွေ့ရသည်။

ယင်းဆောင်းပါး၌ “နိုင်ငံရေးပါတီတွေ၊ လွှတ်တော်တွေဟာ အမြင့်ဆုံးအဖွဲ့အစည်းတွေဖြစ်တဲ့အတွက် အများ ကြည်ညို လေးစားခံရသူတွေ၊ လူကောင်း လူတော်တွေ၊ သိက္ခာသမာဓိရှိသူတွေနဲ့ ဖွဲ့စည်းမှသာ အရာရာအတွက် အကောင်းဆုံးဖြစ်မှာပါ။ အဲဒီအစား ထောင်ဒဏ်ကျခံရသူတွေ၊ အကျင့် ပျက်သူတွေ၊ မသမာသူတွေ၊ ပါဝင်လာမယ်ဆိုရင် ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို ငါးခုံးမ တကောင်ကြောင့် တလှေလုံး ပုပ်သွားနိုင်တယ်ဆိုတာ ဆင်ခြင်တွက်ဆနိုင်ဖို့အရေး အရေးကြီးပါတယ်” ဟု ပါရှိသည်။

အခြားပြည်တွင်းဂျာနယ်တခုမှ ဝါရင့်အယ်ဒီတာကြီး တဦးကလည်း “၂ဝ၁ဝ ရွေးကောက်ပွဲ သတင်းတွေ ဟာ လူထုအတွက် ဘယ်လောက်အရေးပါတယ် ဆိုတာကို သူတို့ (အာဏာပိုင်) ကသိတယ်။ ဒါကြောင့် အတွင်းက မီဒီယာတွေကို စီစစ်ရေးက အရင်ကထက် ပိုကျပ်လာတာ။” ဟု ပြောသည်။