ရန်ကုန်တွင် ဆိုးဆိုးရွားရွား မီးပြတ်

ရန်ကုန်တွင် ဆိုးဆိုးရွားရွား မီးပြတ်
by -
မျိုးသိဏ်း၊ ဖနိဒါ
ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားနေပြီး လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မီးလာချိန် တနေ့လျှင် ၂ နာရီဝန်းကျင်သာ...

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားနေပြီး လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မီးလာချိန် တနေ့လျှင် ၂ နာရီဝန်းကျင်သာ ဖြစ်နေခဲ့သည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက သဘာဝဓာတ်ငွေ့ပိုက်လိုင်များပြင်ဆင်မှုပြုလုပ်နေချိန်တွင် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်နေခြင်းဖြစ်သည်။

“တနေ့ကုန်ပေါင်းရင် ၂ နာရီဝန်းကျင်လောက်ပဲရှိမယ်။ ၃ မိနစ်လောက်လာလိုက် ပြတ်သွားလိုက်။ ၁ဝ မိနစ်လောက်လာလိုက် ပြန်ပျက်လိုက်နဲ့ ဖြစ်နေတာ။ ညသန်းခေါင်ကြီးလည်း ၁ဝ မိနစ်၊ ၁၅ မိနစ် လောက်ဖြစ်ဖြစ် ပေးပြန်ရော” ဟု စမ်းချောင်းမြို့နယ်နေ သူတဦးက ပြောသည်။

ရန်ကုန်မြို့၏ လျှပ်စစ်အားအတွက် သဘာဝဓာတ်ငွေ့သုံး သာကေတ၊ ရွာမ၊ လှော်ကား၊ အလုံစက်ရုံများနှင့်  လောပိတ ရေအားလျှပ်စစ်စက်ရုံတို့မှ ဖြန့်ဖြူးနေခြင်း ဖြစ်သော်လည်း ဓာတ်ငွေ့သုံးစက်ရုံုများ အပြည့်အဝ လည်ပတ်နိုင်ခြင်းမရှိသလို လောပိတစက်ရုံကလည်း စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိဘဲ ဖြစ်နေသည်။

သို့သော် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းအပါအဝင် လိုအပ်ချက်၊ လက်ရှိပေးပို့နိုင်မှုတို့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပွင့်လင်းစွာ ထုတ်ဖော်မှုမပြုဘဲ ထားလေ့ရှိသည်။

လက်ရှိ တနင်္သာရီ-ရန်ကုန် သဘာဝဓာတ်ငွေ့လိုင်းသည် မကြာခဏပေါက်သဖြင့် တာဘိုင်စက်များ မလည်ပတ်နိုင်ဘဲ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ကျဆင်းသောကြောင့် ယခုအခါ မုတ္တမပင်လယ်ကွေ့-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအသစ်တခုကို ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာအနီးမှ သွယ်တန်းမှုပြုနေရာ လာမည့် လတွင် ပြီးစီးမည် ဟုလည်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လျှပ်စစ်မီး ပြတ်တောက်ခြင်းက မြို့ခံများအတွက် သုံးရေအခက်အခဲကိုလည်း ဖြစ်ပေါ်စေသည်။

“မီးလာတဲ့အချိန် မိနစ်ပိုင်းလေးကို ရေစောင့်တင်ရတယ်လေ။ ညဘက်လည်း အလှည့်ကျ စောင့်တင်ရ တယ်။ မီးလာတာနဲ့ အားလုံးက ရေကိုပဲ ပြေးတင်ကြတာ။ အခန်းအားလုံး ပြိုင်တူတင်ရင် အထပ်မြင့် အခန်းတွေကို ရေကမရောက်တော့ဘူး” ဟု မြို့ခံတဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ချက်ပြုတ်ရေးအတွက်ပင် ရေမရသောကြောင့် ရေသန့်ဘူးကြီးများ ဝယ်သုံးနေရပြီး သုံးစွဲသူများ၍ စျေးတက်သွားကြောင်း လမ်းမတော်မြို့နယ်မှ အိမ်ရှင်မတဦးကပြောသည်။

ပုံမှန်အားဖြင့် ၂ဝ လီတာဝင် ရေသန့်ဘူးကြီးတဘူးလျင် အထပ်မြင့်တိုက်များသို့ ပို့ပေးရပါက ၅ဝဝ-၆ဝဝ သာ ပေးရသော်လည်း ယခုရက်ပိုင်း၌ ၈ဝဝ မှ ၉ဝဝ အထိ စျေးတက်သွားသည်။

ရန်ကုန် မြို့လယ်ဝန်းကျင်နေသူများအတွက် ဂျိုးဖြူ၊ ငမိုးရိပ်၊ လှော်ကားနှင့် ဖူးကြီး ရေလှောင်တမံများမှ ရေဖြန့်ဝေ ပေးနေသော်လည်း အများစုဆင်ခြေဖုံး နေသူများ ကတော့ အဝီစိတွင်းကို အားထားကြရသည်။

၂ဝဝ၈ ခု ဧပြီစာရင်းအရ လူဦးရေ ၆ သန်းကျော်ရှိသော ရန်ကုန်မြို့တွင် ယခင်က လျပ်စစ် ဓာတ်အား ၄ဝဝ မဂ္ဂါဝပ် သုံးစွဲရာမှ စက်ရုံအရေအတွက် တိုးလာပြီး လျှပ်စစ် ပစ္စည်းများ ပိုမိုသုံးစွဲလာ သဖြင့် ယခုအခါ မဂ္ဂါဝပ် ၅ဝဝကျော်အထိ လိုအပ်လာသည်။

Most read this week