(၁၅) ဦးမွန်ပါတီတစ်သစ်တစ်ရပ်ဖွဲ့စည်းရေးအဖွဲ့မှ မော်လမြိုင်မြို့၌ ယမန်နေ့ကျင်းပခဲ့သော လစဉ်ပုံမှန်အစည်းအဝေးတွင် မွန်တိုင်းရင်းသားများအနေဖြင့် မွန်ပါတီ သစ်ကိုလည်း မဖွဲ့စည်းသလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်းမဝင်ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ကြကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
အမည်ဖေါ်ပြခွင့်မရသော အစည်းအဝေးတက်ရောက်ခဲ့သူအဖွဲ့ဝင်တစ်ဦးက “ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ကြတော့ ပါတီသစ်လည်းမဖွဲ့၊ မှတ်ပုံတင်စရာလည်း မလိုတော့ဘူ့း ပေါ့” ဟု ပြောကြားခဲ့သည်။
မည်သည့်အကြောင်းကြောင့် ရွေးကောက်ပွဲမဝင်ရသနည်းမေးမြန်းချက်အား အဆိုပါအဖွဲ့ဝင်က ဖြေကြားရန်ငြင်းဆိုခဲ့ပြီး အဖွဲ့ပြောခွင့်ရ နိုင်တင်အောင်တစ်ဦးတည်းသာ ဖြေကြားခွင့်ရှိသည်ဟု ဆိုပါသည်။
သို့သော် ဆက်သွယ်သည့်အခါတိုင်း ပြောခွင့်ရပုဂ္ဂိုလ် နိုင်တင်အောင် ဖုန်းမကိုင်ပေ။ အခြားသတင်းထောက်များ သူ့အားဆက်သွယ်ရန်အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု သိရသည်။
အထူးသဖြင့် (၁၅) ဦးမွန်ပါတစ်သစ်တစ်ရပ်ဖွဲ့စည်းရေးအဖွဲ့တွင် နာယက (၅) ဦးအနက် (၃) ဦးမှာ အထင်ကရမွန်ဆရာတော်များဖြစ်ကြပြီး ကျန်နှစ်ဦးမှာ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF ခေါင်းဆောင်များဖြစ်ကြသော CRPP အဖွဲ့ဝင်နိုင်ထွန်းသိန်းနှင့် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် UNA ပြောခွင့်ရပုဂ္ဂိုလ် နိုင်ငွေသိမ်းတို့ ပါဝင်နေသဖြင့် ရွေးကောက်ပွဲမဝင်ဟုဆုံးဖြတ်ကြခြင်းမှာ အထူးအဆန်းမဟုတ်ဟု မွန်တိုင်းရင်းသားအသိုင်းအဝိုင်းတွင် ပြေဆိုနေကြသည်။
ထို့အတူ ယင်း(၁၅) ဦးမွန်ပါတီသစ်တစ်ရပ်ဖွဲ့စည်းရေးအဖွဲ့တွင် ပါတီမှတ်ပုံမတင်ရေးဆုံးဖြတ်ထားသည့် MNDF အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းနှင့် ဒေါက်တာ မင်းကြည်ဝင်းတို့လည်း ပါဝင်နေသည်။
မူလကရွေးကောက်ပွဲဝင်ရေး၊ မွန်ပါတီသစ်တစ်ရပ်မဖြစ်မနေဖွဲ့စည်းသွားရေး စိုင်းပြင်းနေသူ ဒေါက်တာဗညားအောင်မိုးအဆိုကို အများစုလက်မခံဟု သိရသည်။
ယခင်မေးမြန်းချက်တစ်ရပ်တွင် ဒေါက်တာဗညားအောင်မိုးက “ပြန့်ကျဲနေတဲ့မွန်အမျိုးသားအင်အားစုတွေ စနစ်တကျ အတူတကွပူးပေါင်းပါဝင်လာဖို့နဲ့ အဆင့်အတန်းရှိတဲ့ အမျိုးသားပါတီသစ်တစ်ရပ် ပေါ်ထွက်လာဖို့ပါ၊ အမြင်ခြားနားတဲ့သူတွေမပါဝင်ဘဲနေနိုင်သလို အမြင်တူသူတွေစုဖွဲ့ပြီး ရှေ့ခရီးဆက်သွားကြဖို့ပါ” ဟုပြောကြားခဲ့ပြီး ရွေးကောက်ပွဲဝင်ရန်အတွက် သူတို့ဆုံးဖြတ်ထားသည်ဟု သတင်းဌာနများကို ပြောကြားခဲ့သည်။
ထို့အပြင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဆုံးဖြတ်ထားသကဲ့သို့ အပစ်ရပ်မွန်ပြည်သစ်ပါတီသည်လည်း ရွေးကောက်ပွဲကိုမဝင်သလို နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံဟု ယမန်နှစ်ကတည်းက အတိအလင်းထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ်တွင်လည်း ယင်းကဲ့သို့ထပ်မံ ဆုံးဖြတ်ခဲ့ပြန်သည်။
မွန်ပြည်သစ်ပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးက “တရားမျှတမှုမရှိလို့ ရွေးကောက်ပွဲကိုမဝင်ဖို့ NLD ဆုံးဖြတ်လိုက်တာကြောင့် မွန်တွေလည်းထူးမှာမဟုတ်ဘူးဆိုပြီး ပါတီသစ်မထောင်တာ ဖြစ်နိုင်တယ်” ဟု သုံးသပ်ခဲ့သည်။
နအဖစစ်အစိုးရကျင်းပမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေများအား စောင့်ကြည့်လေ့လာပြီး ရွေးကောက်ပွဲဝင်သင့်မည်ဆိုပါက မွန်တိုင်းရင်းသား ကိုယ်စားပြုပါတီသစ် တစ်ရပ်ဖွဲ့စည်းနိုင်ရေး အဆင်သင့်ဖြစ်ရှိနေစေရန် (၁၅) ဦးပါကော်မတီတစ်ရပ်ကို ယမန်နှစ် ဇွန်လ(၂၉)ရက်နေ့ (မွန်ပြည်သစ်ပါတီအပစ်ရပ်နေ့-၁၄ နှစ်ပြည့်) တွင် မော်လမြိုင်မြို၌ စတင်ဖွဲ့စည်းခဲ့သည်။