ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒန်းသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်အဖြစ် မနက်ဖြန်တွင် စတင်မည်ဖြစ်သည်။
မစ္စတာ ငုယင်တန်ဒန်း၏ ဧပြီလ ၄ ရက်နေ့အထိ ကြာမြင့်မည့် ခရီးစဉ်အတွင်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ကို တွေ့ဆုံမည်ဖြစ်သည်။
ထို့အပြင် ဗီယက်နမ်နိုင်ငံပိုင် အကြီးဆုံးဘဏ်တခုဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် Bank for Investment and Development of Vietnam (BIDV) ကိုယ်စားလှယ်ရုံးခွဲတခုကို ရန်ကုန်မြို့တွင် ဖွင့်ပွဲပြုလုပ်ရာတွင်လည်း တက်ရောက်ဖွယ်ရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။
ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုတွင် တက်ရောက်ရန် မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးရေ ၂ဝဝ ကိုလည်း စစ်အစိုးရက ဖိတ်ခေါ်ထားသည်။
မစ္စတာ ငုယင်တန်ဒန်း မြန်မာနိုင်ငံ ခရီးစဉ်အပြီး နောက် ၂ ရက်အကြာတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ၁၆ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲကိစ္စသည် ဆွေးနွေးမည့် အကြောင်းအရာတခု ဖြစ်သည်။
ဗီယက်နမ်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုမှာ အတက်ပြနေပြီး ၂ဝဝ၇ ခုနှစ်က အမေရိကန်ဒေါ်လာ ၁ဝ၈.၂ သန်းဖြင့် ၂ဝဝ၇ ခုနှစ်ကထက် ၁ဝ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။ နိုင်ငံပိုင် PetroVietnam ရေနံကုမ္ပဏီ၊ နိုင်ငံပိုင် ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီ Viettel တို့ အပါအဝင် ဗီယက်နမ် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည်။
၂ဝ၁ဝ ခုနှစ်တွင် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိ သစ်များ ဝယ်ယူရန် ဗီယက်နမ်က သဘောတူညီချက် လက်မှတ်ရေးထိုးထားသည်။ ၂ဝဝ၇ ခုနှစ်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် Petrovietnam က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့သည်။
ဗီယက်နမ်၏ ဒေသတွင်း ကုန်သွယ်မှုကို ချဲ့ထွင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးမူဝါဒ၏ အောက်တွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုလည်း အတက်ပိုင်း ပြလာခဲ့သည်။ ရန်ကုန်နှင့် ဟနွိုင်းအကြား ဗီယက်နမ်လေကြောင်း၏ တိုက်ရိုက်ပြေးဆွဲပျံသန်းမှုကို မတ်လအတွင်းက စတင်ခဲ့သည်။
''နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ထွန်းကားဖို့၊ အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ကြေးနန်း ဆက်သွယ်ရေး နယ်ပယ်တွေမှာ အခြေအနေကောင်းတွေ ဖန်တီးနိုင်ရေးအတွက် မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု အလျင်အမြန် ဖြစ်ထွန်းတာကို ဗီယက်နမ်က မြင်တွေ့ချင်တာပဲ'' ဟု မစ္စတာ ငုယင်တန်ဒန်းက ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။
ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာ့တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ဗီယက်နမ်သို့ သွားရောက် လည်ပတ်ခဲ့သေးသည်။