ချင်းပြည်နယ် ဖလမ်းမြို့ပေါ်နှင့် မြို့နယ်တွင်းရှိ ကျေးရွာအချို့၌ ယနေ့ နံနက်ပိုင်းတွင် မိုးသက်လေပြင်း ကျရောက်သဖြင့် နေအိမ် ၁၂ လုံး ပျက်စီးကာ ဦးရေ ၄ဝ ခန့် လေဘေးဒုက္ခသည် ဖြစ်ရကြောင်း ဒေသခံများ အဆိုအရ သိရသည်။
ယနေ့နံနက် ၂ နာရီခန့်တွင် လေပြင်းများ ရုတ်တရက် တိုက်ခတ်ခဲ့ရာ ဖလမ်းမြို့ပေါ်ရှိ မယက ရုံးနှင့် ဆေးရုံ အပါအဝင် နေအိမ် ၆ လုံး၊ မြို့အနောက်ဘက် ၃ မိုင်ခန့်ရှိ လိုင်ဇိုးရွာတွင် နေအိမ် ၄ လုံး၊ ၎င်းရွာနှင့် ကပ်လျက်ရှိသည့် ဇာလိုင်ရွာတွင် နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ ၄ဝ ခန့် လေဘေးသင့်ခဲ့ခြင်း ဖြစ်သည်။
“လေတအားတိုက်တယ်။ မိုးကလည်း သဲ၊ မိုးသီးလည်း ကျတယ်။ မယက ရုံးနား သစ်ပင်လဲတော့ မယကရုံးကို ရိုက်တယ်။ အားလုံးပေါင်း အိမ်ခြေ ၆ လုံး ပျက်စီးတယ်။ မယက ရုံးကတော့ အသစ်ပြန်ဆောက်ရမယ်” ဟု ဖလမ်းမြို့ပေါ် ဒေသခံတဦးက ဖလမ်းမြို့ပေါ် အခြေအနေနှင့် ပတ်သက်၍ မဇ္စျိမကို ပြောသည်။
ဖလမ်းဆေးရုံမှ ဝန်ထမ်းတဦးကလည်း “တောင်ပေါ်ရွာဆိုတော့ လေတိုက်တာ မခံနိုင်ဘူးလေ။ အိပ်ရာဝင်ပြီး ခဏနေ လေတိုက်တယ်။ မိုးလည်း တအားသဲတယ်။ ဆေးရုံခေါင်မိုး သွပ်ချပ်တွေ လွင့်သွားတယ်။ တကယ်ကြောက်ဖို့ ကောင်းတယ်။ ဆေးရုံက လူနာတွေဆို တအားလန့်နေကြတယ်” ဟု မဇ္စျိမကို ပြောသည်။
လေပြင်းသည် တစထက်တစ အားလျော့သွားကာ နံနက် ၅ နာရီခန့်တွင် ငြိမ်သက်သွားခဲ့သည်။ လေဘေးဒုက္ခသည်များသည် ဆွေမျိုးသားချင်းများထံတွင် စုပေါင်းနေထိုင်လျက်ရှိပြီး၊ ရပ်ကွက်လူငယ်များ၏ ဦးဆောင်မှုဖြင့် ဆေးရုံနှင့် နေအိမ်များအား ပြန်လည်ပြုပြင်နေသည်။
အလားတူပင် အိမ်ခြေ ၆ဝ ခန့်ရှိ လိုင်ဇိုး laizo ရွာတွင်ပါ အဆိုပါ လေပြင်းတိုက်သဖြင့် ပျဉ်ထောင်သွပ်မိုး မူကြိုကျောင်း အပါအဝင် နေအိမ် ၄ လုံး၏ သွပ်ခေါင်မိုးများ လွင့်စင်ကုန်သည်။
“မနက် ၂ နာရီ နီးပါးလောက်က လေတိုက်တာပါ။ မူကြိုကျောင်းလည်း ခေါင်းမိုး အကုန်လွင့်ထွက်တယ်။ အားလုံး အိမ်ခြေ ၄ လုံး ပါတယ်။ ရွာထဲ သစ်ပင်တွေလည်း အများကြီး လမ်းပေါ်မှာ လဲနေတယ်” ဟု ကျေးရွာလူကြီး တဦးက မဇ္စျိမကို ပြောသည်။
မူကြိုကျောင်းကို ယနေ့နံနက်ပိုင်း၌ပင် ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး ပျက်စီးနေသည့် နေအိမ်များကိုလည်း အလျင်အမြန် ပြုပြင်နေသည်။
ထို့အပြင် လိုင်ဇိုးနှင့် ကပ်နေသည့် ဇာလိုင် Zalai ကျေးရွာတွင်လည်း လေပြင်းကြောင့် အိမ် ၂ လုံး ပျက်စီးခဲ့ရာမှ ရွာသား ၁၂ ဦး အိုးအိမ်မဲ့ ဖြစ်သွားသည်။
“ဒီမနက် ၂ နာရီလောက်က လေတအားတိုက်တယ်။ မနက်မိုးလင်းမှ အိမ် ၂ လုံး ပျက်တာ မြင်ရတယ်။ အိမ်ကတော့ အကုန်ပျက်တယ်။ သူတို့က အခု တဲထိုးပြီးနေတယ်” ဟု ဇာလိုင်ကျေးရွာမှ ရွာသားတဦးက မဇ္စျိမကို ပြောသည်။
လေဘေးဒုက္ခသည်များ၏ နေအိမ်များအား ကျေးရွာလူကြီးများက အသစ်ဆောက်ပေးရန် စီစဉ်နေကြောင်း သူက ဆက်ပြောသည်။
ယခုနှစ်အတွင်း ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ယခုလို အပျက်အစီးများသည့် လေပြင်းတိုက်ခတ်မှု ဖြစ်သည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိကပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်လည်း ယခုလ ၂၈ ရက်နေ့ ညပိုင်းနှင့် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေပေါင်း ၁ဝ၇၈ အိမ် ပျက်စီးခဲ့ကာ၊ လူဦးရေထောင်ချီ၍ အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း မီဇိုရမ်မြို့တော် အိုက်ဇောမြို့အခြေစိုက် Vanglaini သတင်းစာက ယခုလ ၃ဝ ရက်နေ့တွင် ဖော်ပြခဲ့သည်။