ရွာအနီးသို့ စစ်တပ်များ ချဉ်းကပ်မှုကြောင့် ထိုင်းရွာသားများ လုံခြံုရေးစိုးရိမ်ရ

ရွာအနီးသို့ စစ်တပ်များ ချဉ်းကပ်မှုကြောင့် ထိုင်းရွာသားများ လုံခြံုရေးစိုးရိမ်ရ
ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့၏ အနောက်မြောက်ဘက်တွင်ရှိသော တပရားလဲကျေးရွာအနီးတဝိုက်တွင် မြန်မာစစ်အစိုးရတပ်များ လက်နက် အပြည့်အစုံဖြင့် မကြာခဏ ချဉ်းကပ်မှုများ ရှိသည့်အတွက် ရွာသူ/သားတို့၏ အသက်လုံခြံုရေးကို....

ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့၏ အနောက်မြောက်ဘက်တွင်ရှိသော တပရားလဲကျေးရွာအနီးတဝိုက်တွင် မြန်မာစစ်အစိုးရတပ်များ လက်နက် အပြည့်အစုံဖြင့် မကြာခဏ ချဉ်းကပ်မှုများ ရှိသည့်အတွက် ရွာသူ/သားတို့၏ အသက်လုံခြံုရေးကို စိုးရိမ်နေကြရသည်။

ရွာအနီးတဝိုက်တွင် စစ်အစိုးရတပ်ပြေးများမကြာခဏရောက်လာတတ်ကြပြီး ညအချိန်၌ လူသူမသိအောင် ကျေးရွာထဲအထိ ရောက်လာ တတ်သည်ဟု ရွာသားများကပြောသည်။

“ရွာစွန်ရွာဖျားကအိမ်တွေဆို သူတို့အိမ်မှာမအိပ်ရဲကြဘူး။ ရွာလယ်မှာစုပြီးအိပ်ကြတယ်။ ရွာစွန်ဘက်မှာ မနက်ပိုင်းထကြည့်ရင် သူတို့ရဲ့ စစ်ဖိနပ်ခြေရာတွေတွေ့ရတယ်” ဟု တပရားလဲရွာသား တဦးက ပြောသည်။

ပြီးခဲ့သည့် ၁၇ ရက်နေ့က ခမရ ၁၁၆မှ တပ်ပြေးတဦး ကျေးရွာအတွင်းသို့ လက်နက်များဖြင့် ၀င်ရောက်လာပြီး ရွာသားနှစ်ဦးအား လမ်းပြအဖြစ်ခေါ်သွားပြီးနောက် ရွာသားတို့၏ အသက် လုံခြံုရေး ပိုမိုစိုးရိမ်လာရခြင်း ဖြစ်သည်ဟု ရွာသားများကဆိုသည်။

ရွာသားနှစ်ဦးအား နယ်စပ်အထိလမ်းပြခိုင်းပြီးနောက် ပြန်လွတ်ပေးခဲ့သည်။

“ကျနော်တို့ကို ရောင်းဝယ်ရေး(ကရင်နီပြည်ဘက်)အထိပြန်ပို့ခိုင်းတယ်။ ကျနော်တို့လဲမပြန်ရဲဘူး။ မိုင်းတွေ များတယ်လို့ပြောတော့ သူကျနော်တို့ကိုပြန်လွတ်ပေးတယ်” ဟု လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်း ခံရသော ရွာသားတဦးကပြောသည်။

လမ်းပြအဖြစ်ခေါ်ဆောင်သွားခြင်းခံရသော နောက်ထပ်တဦးကလည်း “နောက်ထပ်တခါပြန်လာပြီး ကျနော်တို့ကိုမသွားရင်ပစ်မယ်။ သေနပ်နဲ့ချိန်ပြီးလုပ်ရင် ဘယ်လို လုပ်မလဲ” ဟုပြောသည်။

အိမ်ခြေပေါင်း ၅၀ရှိသည့် တပရားလဲခေါ်(ဒွိုင်းစယ်)ကျေးရွာသည် ထိုင်း-မြန်မာနယ်စပ်အမှတ်-၈တွင်တည်ရှိပြီး ခမရ ၁၁၆ အခြေစိုက် ထားသည့်တပ်နှင့် ငါးကီလိုခန့်သာ ကွာဝေးသည်။ မယ်ဟောင်ဆောင်မြို့နှင့် ကီလို ၂၀ ကွာဝေးသည်။ ထိုကျေးရွာတွင် ကယား လူမျိုးများနေထိုင်ပြီး ထိုင်းနိုင်ငံသားများဖြစ်ကြသည်။