သျှမ်းပြည်အလယ်ပိုင်းသို့ စစ်ကြောင်းလှည့်နေသည့် နအဖ စစ်ကြောင်းတကြောင်းသည် ကျေးရွာတခုအား လက်နက်ကြီး ဖြင့်ပစ်ခတ်သောကြောင့် ဒေသခံ ၆ ယောက် ထက်မနည်းသေဆုံးသွားသည်ဟု စုံစမ်းသိရှိရပါသည်။
“နေ့ခင်း ၂ နာရီလောက်ပေါ့။ ရွာနဲ့မလှမ်းမကမ်းကနေလှမ်းပစ်တယ်၊ ကိုရင် ၄ ပါး နဲ့ ရွာသူ ၂ ယောက်သေ တယ်။ ရ ယောက် ၈ ယောက် ဒဏ်ရာရသွားတယ်”- ဟု ကုန်သည် တဦးကပြောသည်။
မတ်ချ် ၁၉ ရက်နေ့က ကလော အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ ဗိုလ်မှူးဌေးအောင် ဦးဆောင်သည့် အင် အား ၈၀ ပါ အမှတ် ၁ စစ်ကြောင်း မိုင်းကိုင်မြို့ အနောက် မြောက်ဘက် မိုင်းယွန်းကျေးရွာအုပ်စုဝင် အိမ်ခြေ ၃၀ ကျော်ရှိ ၀မ့်လွယ်နမ့်တောက်ရွာအား သျှမ်းသူပုန်နှင့် ဆက်သွယ်ထောက်ပံ့ သတင်းပေးသည်ဟု စွပ်စွဲကာ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့၏။
“သေဆုံးသွားတဲ့ရွာသူ ၂ ယောက်က နန်းအေးနွေး အသက် (၁၅ နှစ်) ၊ နန်းအေးလိုင် အသက် (၁၂ နှစ်)၊ ကိုရင် ၄ ပါး ရဲ့နာမည်က မသိရသေးဘူး၊” - ဟု အမည်မဖေါ် လိုသည့် ဒေသခံတဦးက ပြောပါသည်။
မတ်ချ် ၂၀ ရက်နေ့ ကလည်း နွေရာသီ အပျော်တမ်း အမဲလိုက်သည့် ပန်ကေတု ကျေးရွာအုပ်စုဝင် ၀မ့်နားလွန် ရွာသား ၂၅ ဦးအား အဆိုပါ စစ်ကြောင်းက တောတွင်း တနေရာ၌ ဆုံမိရာ ရွာသားအားလုံးအား ဖမ်းဆီးထား ခဲ့သည်ဟုဆို၏။ ရွာသားများ၏ အမဲလိုက်တိုမီးသေနတ်များ အားလုံးကိုလည်း သိမ်းယူလိုက်ပြီး ၂ ယောက် အား ပန်ကေတုအခြေစိုက်သည့် တပ်ဖွဲ့က ပစ်သတ်လိုက်ပြီဖြစ်ကြောင်း၊ ၁ ယောက်မှာဒဏ်ရာအပြင်းအထန်ရကြောင်း၊ ကျန်ရွာသားများကိုမူ တယောက် ကျပ် ၃ သောင်း အာမခံဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း - အမည် မဖေါ်လို သည့် ဒေသခံနောက်တဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ဆက်ပြောပါသည်။
“ပစ်သတ်ခံလိုက်ရတာက စိုင်းကာလိန် နဲ့ စိုင်းလိန် ။ ကျန်တာတွေကိုတော့ပိုက်ဆံ တယောက်ကျပ် ၃ သောင်းစီ ဒဏ်ရိုက်တယ်။ အဲဒီစစ်ကြောင်းက ပိုက်ဆံကျပ် ရ သိန်းခွဲလောက်ရသွားတယ်”
ရှမ်းပြည်တောင်ပိုင်း ကလောမြို့အခြေစိုက် တပ်မ ၅၅ သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလလယ်ပိုင်းကစ၍ သျှမ်းပြည် အလယ်ပိုင်းသို့ ပြောင်းရွှေ့လှုပ်ရှားလာခဲ့၏။
ဗမာစကားမတတ်သည့် အသိပညာအားနည်းသော ကျေးလက်ရွာသူကြီးများနှင့် ဒေသခံများက အဆိုပါစစ်ကြောင်း ၏ ဖိနှိပ်မှုဒဏ် မည်သူ့ထံ မည်သို့တိုင်ကြား ရမည်ကို အတွေးပူရင်း ဦးနှောက်ခြောက်နေကြကြောင်း၊ တိုင်ပြန်လျှင် လည်း စွပ်စွဲအပြစ်ရှာခံမည်စိုး၍ မတိုင်ရဲကြကြောင်း အဆိုပါရွာသား၏ ပြောပြချက်အရသိရသည်။