အပစ်ရပ်မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များ၏၂၀၁၀ ခုနှစ်၊ ပုံမှန်အစည်းအဝေးတစ်ရပ်တွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပါတီ၏ဆုံးဖြတ်ချက်များ တစ်စုံတစ်ရာ အပြောင်းအလဲမရှိ၊ ပါတီနှင့်တပ်ပိုင်း ဆက်လက်ရပ်တည်ရေးအတွက် ပေါ်ပေါက်လာသော နောင်အစိုးရသစ်နှင့်သာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဟု သိရသည်။
ဗဟိုဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဖုန်းဖြင့်ပြောကြားရာတွင် “အခုဆုံးဖြတ်လိုက်တာက နယ်ခြားစောင့်တပ်မပြောင်းဘူး၊ ပြည်သူ့စစ်လည်းမလုပ်ဘူး၊ အရင်ရပ် တည်ချက်တွေ အတိုင်းပါဘဲ၊ ဗဟိုကော်မတီတွေအားလုံး အမြင်တစ်ထပ်တည်းကျပါတယ်၊ မဲခွဲရတာမရှိပါဘူး” ဟု ပြောဆိုပါသည်။
ယင်းအစည်းအဝေးကို မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ (၁၀) ရက်ကြာခန့်ကျင်းပခဲ့ကြရာ ယမန်နေ့တွင် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်မတ်လဆန်းပိုင်းမှစ၍ ဥက္ကဌနိုင်ထောမွန်ခေါင်းဆောင်သော မွန်ပြည်သစ်ပါတီခေါင်းဆောင်များကို နယ်ခြားစောင့်တပ်ပြောင်းလဲရေးအတွက် နေပြည်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်ရဲမြင့် စတင်တောင်းဆိုခဲ့ရာ မွန်ပြည်သစ်ဗဟိုကော်မတီဝင်များ လက်မခံပယ်ချကြောင်း နောက်ပိုင်းတွင် ရတခတိုင်းမှူးမှတဆင့် နေပြည်တော်သို့ ပြန်လည်အကြောင်းကြားခဲ့သည်ကို သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
တဖန်နောက်ပိုင်းတွင် အခါအခွင့်ကြုံတိုင်း ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းထံမှတဆင့် နေပြည်တော်ကိုယ်စား အကြိမ်ကြိမ်ဖိအားပေးပြောကြားမှုများ ဆက်လက် ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ထို့နောက် ယခုလ(၁၆) ရက်နေ့တွင်လည်း မွန်ပြည်သစ်ထိပ်ပိုင်းခေါင်းဆောင်များကို ရတခတိုင်းမှူး မော်လမြိုင်မြို့တွင် ခေါ်ယူတွေ့ဆုံခဲ့စဉ် မွန်ပြည်သစ်ပါတီ နယ်ခြား စောင့်တပ် ပြောင်းလဲဖွဲ့စည်းသွားရန် ထပ်မံဖိအားပေး ပြောကြားခဲ့သည်ကို ယခင်သတင်းတွင်လည်း ဖေါ်ပြခဲ့ပြီးဖြစ်သည်။
သို့ရာတွင် “သတ်မှတ်ရက်ရောက်လာလို့ ဒီလဆန်းပိုင်းကတည်းကပဲ ဗဟိုကော်မတီ ပုံမှန်အစည်းအဝေး ခေါ်ခဲ့တာ၊ တိုင်းမှူးနဲ့တွေ့တဲ့ကိစ္စကြောင့် အစည်းအဝေး ခေါ်တာလည်း မဟုတ်ပါဘူး၊ အနားယူသွားတဲ့ ဗဟိုကော်မတီ (၃) ဦးနေရာအစားထိုးဖို့ အရန်ဗဟိုကော်မတီတွေ တက်လာပါတယ်၊ ပါတီရဲ့ လုပ်ငန်း အရပ်ရပ်ကို အချိန်ကာလနဲ့အညီပြန်လည်သုံးသပ်ရတာတွေလည်း ရှိတယ်၊ ဒါကြောင့် အချိန်ယူရတာပါ” ဟု ဗဟိုဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားပါသည်။
ယမန်နှစ်တွင် ဝါရင့်ဗဟိုကော်မတီဝင်ဟောင်းများဖြစ်ကြသည့် နိုင်ဉာဏ်ထွန်း၊ နိုင်လဝီမွန်နှင့် ဗိုလ်မှူးကြီးကိုတာ တို့အသီသီးနှုတ်ထွက်စာတင်ပြီး ပါတီမှအနားယူခွင့် ရခဲ့သည်။
မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်များ ကျမ်းသစ္စာကျိန်ဆိုခဲ့ပုံ
အကဲခတ်အချို့အမြင်အရ ဧပြီလတွင် အုပ်ချုပ်ရေးဌာနလက်အောက်ရှိ အလယ်အလတ်ပိုင်းအရာရှိငယ်တစ်ချို့ အလုပ်ဌာနများ အပြောင်းအလဲရှိနိုင်သည်ဟု ဆိုပါသည်။ သို့သော်လည်း မည်သူတွေဖြစ်နိုင်ကြောင်း တပ်အပ်မပြောဆိုနိုင်သေးပေ။
ယခုနှစ်ဆန်းပိုင်းအတွင်း နအဖထံတရားဝင်ပေးပို့ခဲ့သော (၂၀၁၀) ခုနှစ်၊ မွန်ပြည်သစ်ပါတီ အရေအတွက်တွင် အင်အား (၃၅၀၀) ကျော်ရှိကြောင်း အရာရှိများ နာမည်နှင့်တကွ ဖေါ်ပြထားသောစာရင်းအရ သိရသည်။
၁၉၉၅ ခုနှစ်၊ စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲသည့် အခမ်းအနား၌ မွန်ပြည်သစ်ပါတီဝင်အင်အား (၇၈၆၀) ဦးရှိသည်ဟု ထိုစဉ်ကနအဖသတင်းစာများတွင် တရားဝင် ဖေါ်ပြပါရှိခဲ့သည်။
ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် ယခင်တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် နိုင်ငံတော်၌ တစ်ခုတည်းသောတပ်မတော်ရှိရမည့်အဆိုကို လက်ခံနိုင်သော်လည်း မွန်ပြည်နယ်အစိုးရလက်အောက်တွင် မွန်ပြည်နယ်အတွင်း၌လှုပ်ရှားမည့် မွန်နယ်ခြားစောင့်တပ်ပုံစံမျိုးသာ ဖွဲ့စည်းသင့်သည်ဟု ဆိုပါသည်။