တရားဝင် ရွှေ့ပြောင်း နေထိုင်သူများအား ထိုင်းနိုင်ငံသားများ နည်းတူ ဆေးကုသခွင့်ပေးမည်

တရားဝင် ရွှေ့ပြောင်း နေထိုင်သူများအား ထိုင်းနိုင်ငံသားများ နည်းတူ ဆေးကုသခွင့်ပေးမည်
by -
ဇော်ကြီး
ထိုင်းနိုင်ငံအတွင်း နှစ်ပေါင်းများစွာက အခြေချနေထိုင်ခဲ့သူ နိုင်ငံခြားသားများအား ထိုင်းနိုင်ငံသားများနည်းတူ ဆေးကုသခွင့်ပေးမည်ဟု ၀န်ကြီးများအစည်းအဝေးက....

ထိုင်းနိုင်ငံအတွင်း နှစ်ပေါင်းများစွာက အခြေချနေထိုင်ခဲ့သူ နိုင်ငံခြားသားများအား ထိုင်းနိုင်ငံသားများနည်းတူ ဆေးကုသခွင့်ပေးမည်ဟု ၀န်ကြီးများအစည်းအဝေးက ဆုံးဖြတ် လိုက်သည်။

ထိုင်းနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများမှ ဒုက္ခမျိုးစုံဖြင့်ရောက်ရှိလာပြီး ထို်င်းအစိုးရ၏ တရားဝင် နေထိုင်ခွင့်လက်မှတ် တမျိုးမျိုးကိုင်ဆောင်ထားသူ နိုင်ငံခြားသားများအား ထိုင်းနိုင်ငံသားများ နည်းတူဆေးကုသခွင့်ပေးရန် လွန်ခဲ့သည့် အင်္ဂါနေ့ ၀န်ကြီးများအစည်းအဝေးက တရားဝင်အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုင်းမြန်မာနယ်စပ်တလျှောက်တွင် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကစ၍ နှစ် ၂၀ အတွင်း နေထိုင်လာပြီး တောင်ပေါ် သားလက်မှတ်နှင့် လက်မှတ်အဖြူ၊ ပန်းရောင်၊ အစိမ်းစသည့် လက်မှတ်ကိုင်ဆောင်ထားသူအားလုံး ယခုထုတ် ပြန်ချက်နှင့် အကြံုးဝင်သည်ဟု ဖော်ပြထားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB မှ ကိုသက်ခိုင်က ယခုလိုပြောသည်။

“သူကတော့ ပြတဲ့အခါကျတော့ဗျာ၊ လူနည်းစု တိုင်းရင်းသားတွေ၊ တိုင်းမဲ့ ပြည်မဲ့ဖြစ်နေကြတဲ့သူတွေ၊ နှစ်ရှည်လများ ထိုင်းအကျိုးစီးပွားအတွက် လုပ်ကိုင်ပေးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဘာညာ အဲလိုတော့ပြောတာပေ့ါ။”

ထိုင်းအစိုးရမှ တရားဝင်ထုတ်ပေးထားသည့် ဂဏန်း ၁၃ လုံးပါ လက်မှတ်ကိုင်ဆောင်ထား သူများအနက် ထော ရော ၁၃၊ ထောရော ၁၄ နှင့် နိုင်ငံမဲ့ အဖြစ်သတ်မှတ်ခံထားရသူများ အားယင်းခံစားခွင့်ပေးမည်ဟု အစိုးရစာရင်း များ၌ ဖော်ပြထားကြောင်း ဆက်ပြောသည်။

“သူတို့လက်မှတ်တွေမှာ သုံးတို့၊ လေးတို့၊ ငါးတို့၊ ရှစ်တို့နဲ့ စထားတဲ့အုပ်စုတွေက ထောရော ၁၄ ရှိထား ပြီးသား။ နောက်ပြီးတော့ ခြောက်နဲ့ ခုနှစ်ဆိုတဲ့ဥ္စာက အဲ့ဒီ သုံး၊ လေး၊ ငါး၊ ရှစ်က မွေးလာတဲ့ကလေး တွေကကျတော့ ထောရော ၁၃ ရထားပြီးသား။ ပြီးတဲ့ခါကျလို့ရှိရင် သုံညနဲ့စတဲ့ဟာတွေ။ ကလေး တွေရောပြီးလို့ရှိရင် တိုင်းမဲ့ပြည်မဲ့ပေ့ါဗျာ၊ အဲလိုမျိုး။”

ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှ ၀င်ရောက်အခြေချနေထိုင်သူ ပိုများလာပြီး ၎င်းတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးရာ၌  ထိုင်းအစိုးရမှချမှတ်ထားသည့် အသုံးစားရိတ် လုံလောက်မှုမရှိသည့်အတွက် ဒေသခံ ကျန်းမာရေးဌာန တာဝန်ရှိသူများက ယခုနှစ်ဇန္နဝါရီလ ကစ၍ ထိုင်းအစိုးရထံ တင်ပြခဲ့ရာမှ ယခုလိုအမိန့်ချမှတ်ခဲ့ ခြင်းဖြစ်သည်ဟု ကိုသက်ခိုင်က ပြောသည်။

ခရိုင်ပေါင်း ၁၅ ခရိုင်မှ ဆေးရုံပေါင်း ၁၇၂ လုံးအတွက် ယမန်နှစ်ဘတ်ဂျက်ထက် ထိုင်းဘတ်လေးသန်းကျော် ပို၍ တိုးမြှင့်သုံးစွဲသွားမည်ဟု ထိုင်းအစိုးရထုတ်ပြန်သည့် စာရင်း များကဆိုသည်။

ထိုဒေသတလျှောက်တွင် ကျန်းမာရေးစောင့်ရှောက်မှုမကောင်းပါက ထိုင်းနိုင်ငံသားများကိုပါ ထိခိုက်လာနိုင် သည့်အတွက်  ယခုလိုချမှတ်ပေးခြင်းဖြစ်နိုင်ပြီး ထိုင်းအစိုးရ၏ လူသားချင်း စာနာမှုလုပ်ရပ်အပေါ် ကောင်းသည့် လက္ခဏာ ဖြစ်သည်ဟု ကိုသက်ခိုင်က ယခုလို သုံးသပ်ပြောဆိုသည်။

“ကျောသားရင်သားမခွဲခြားပဲ အဲဒီဒေသမှာရှိနေတဲ့သူတွေအကုန်လုံးအတွက် ဒီလိုကျန်းမာရေး ၀န် ဆောင်မှုကို အစိုးရတစ်ရပ်အနေနဲ့ တာဝန်ခံပေးတာ ကောင်းတဲ့ အစဉ်အလာ တစ်ခုပေ့ါဗျာ။”

ယင်းလက်မှတ် ကိုင်ဆောင်ထားသူ လေးသိန်း ငါးသောင်းကျော်အနက် မြန်မာနိုင်ငံသား အများစုပါ၀င်ပြီး ဧပြီလ ၁ ရက်နေ့မှစ၍ ထိုင်းနိုင်ငံသားများနည်းတူ ဆေးကုသခွင့် ရမည်ဖြစ်သည်။

Most read this week