ဗီယက်နမ် သတင်းစာဆရာများ လေ့လာရေး လာရောက်မည်

ဗီယက်နမ် သတင်းစာဆရာများ လေ့လာရေး လာရောက်မည်
by -
မင်းသက်
ဗီယက်နမ်နိုင်ငံမှ သတင်းစာဆရာ ၁၆ ဦးသည် မြန်မာပြည်သို့ ယခုလ ၂၅ ရက်မှ စတင်၍ ၃ ရက်ကြာ လေ့လာရေး လာရောက်မည်ဟု ရန်ကုန်ရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း သတင်းရပ်ကွက်များ....

ဗီယက်နမ်နိုင်ငံမှ သတင်းစာဆရာ ၁၆ ဦးသည် မြန်မာပြည်သို့ ယခုလ ၂၅ ရက်မှ စတင်၍ ၃ ရက်ကြာ လေ့လာရေး လာရောက်မည်ဟု ရန်ကုန်ရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

၎င်းတို့၏ ခရီးစဉ်တွင် မြန်မာ့ခရီးသွား၊ ယဉ်ကျေးမှုနှင့် သဘာဝအလှအပများ မှတ်တမ်းတင်ကြမည်ဟု ၎င်းတို့က ပြောဆိုကြသည်။

''အခုလာမယ့် သတင်းစာဆရာတွေက ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တာတွေကို မှတ်တမ်းတင်ဖို့ လာကြမှာ။ မြန်မာရဲ့ ယဉ်ကျေးမှုတွေ၊ သဘာဝအလှတွေကိ်ု မှတ်တမ်း တင်ပြီးတော့ ပရိုမိုးရှင်းလုပ်မယ့် သဘောပါ'' ဟု ရန်ကုန်ရှိ ခရီးသွားကုမ္ပဏီတခုမှ ဒါရိုက်တာတဦးက ပြောသည်။

ခရီးစဉ်အတွက် ပတ္တမြားမြေ ခရီးသွားကုမ္ပဏီက စီစဉ်ပေးထားပြီး၊ မြန်မာနိုင်ငံ၏ အထင်ကရ နေရာများကို သွားရောက်လည်ပတ်နိုင်ရန် စီစဉ်ထားပြီးဖြစ်သည်။

ယခုလ ၂ ရက်နေ့မှ စတင်ကာ တပတ်လျှင် ၄ ကြိမ်နှုန်းဖြင့် ရန်ကုန်-ဗီယက်နမ် တိုက်ရိုက်လေကြောင်းလိုင်းကို  ပျံသန်းပြေးဆွဲပြီးနောက် ရက်သတ္တပတ် ၃ ပတ်အကြာတွင် သတင်စာဆရာများ လာရောက်ခြင်း ဖြစ်သည်။

ဗီယက်နမ်လေကြောင်းလိုင်း၏ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ မစ္စတာ Duong Tri Thanh က ရန်ကုန်-ဗီယက်နမ် တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရခြင်း ရည်ရွယ် ချက်များ ထဲတွင် သတင်းစာဆရာများ အပြန်အလှန် သွားရောက်လေ့လာနိုင်ရေးလည်း ပါဝင်ကြောင်း ယခုလ ၂ ရက်နေ့က ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောဆိုခဲ့သေးသည်။

ဗီယက်နမ် သတင်းစာဆရာများ၏ ယခုခရီးစဉ်မှာ စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသို့ ၎င်းတို့ လာရောက်လေ့လာရေးအတွက် စတင်လိုက်သည့် ခြေလှမ်းမျိုး ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ အရာထမ်းတဦးက ယူဆသည်။

သူက ''လတ်တလောအနေနဲ့ အခု ပထမဆုံးအကြိမ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကို အခြေအနေ လာပြီး လေ့လာတဲ့ သဘောလည်း သက်ရောက်တယ်၊ ရွေးကောက်ပွဲ လုပ်နေတုန်းမှာ လာနိုင်ဖို့ ခြေလှမ်းအစလို့ ယူဆပါတယ်'' ဟု ပြောသည်။

''သတင်းစာဆရာဆိုတာမျိုးက သတင်းတွေအားလုံးကို စိတ်ဝင်စားမှာပဲ။ အထူးသဖြင့် အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ဥပဒေ ထွက်နေတာကိုလည်း သူတို့ သိတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်လို့လည်း သူတို့ သိတယ်။ စိတ်ဝင်စားမှုကတော့ သာမန်လူတွေထက် ပိုမယ်။ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် လာရောက်ကြတာလို့ ဆိုပေမယ့် တကယ်တမ်းတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားတွေကို တနည်းနည်းနဲ့ သူတို့ မေးမြန်းကြမှာပဲ။ အဲဒီလို သတင်းစာဆရာတွေ လာရောက်တာဟာ အရမ်းကောင်းတယ်လို့ ကျနော် မြင်တယ်'' ဟု ရန်ကုန်ရှိ ဝါရင့်သတင်းအယ်ဒီတာတဦးက ပြောဆိုသည်။

ယခု ဗီယက်နမ် သတင်းစာဆရာများသာမက ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ ရုရှနှင့် ဥရောပတိုက်သား သတင်းစာဆရာများပါ လာရောက်နိုင်ရန် စီစဉ်သွားမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း သတင်းရပ်ကွက် အဆိုအရ သိရသည်။