မြန်မာများ ထိုင်းသို့ ပိုမိုလည်ပတ်

မြန်မာများ ထိုင်းသို့ ပိုမိုလည်ပတ်
by -
စိုင်းဇွမ်ဆိုင်း
ရှပ်နီများ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများဖြစ်ပေါ်နေသော်လည်း ထိုင်းနိုင်ငံသို့ သွားရောက်သူ မြန်မာနိုင်ငံသားများ ပိုများလာသည်ဟု...

ရှပ်နီများ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများဖြစ်ပေါ်နေသော်လည်း ထိုင်းနိုင်ငံသို့ သွားရောက်သူ မြန်မာနိုင်ငံသားများ ပိုများလာသည်ဟု ထိုင်းသံရုံုးက ပြောသည်။

“ဒီလိုမျိုးကာလမှာဆိုရင် ထိုင်းသင်္ကြန်အတွက် သွားကြမယ်ဆိုပြီးမှ လျှောက်ကြတော့ ပိုများလာတယ်လို့ ပြောလို့ရပါတယ်” ဟု ရန်ကုန်ရှိ ထိုင်းသံရုံးမှ တာဝန်ရှိသူတဦးက ပြောသွားသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တို့တွင် ထိုင်းနိုင်ငံသို့ သွားသော မြန်မာနိုင်ငံသားများမှာ တလ လျှင် ခရီးသည် ၅ဝဝဝ ကျော်ခန့်သာ ရှိခဲ့သော်လည်း မတ်လ မကုန်သေးမီမှာပင် ၆၅ဝဝ ကျော်ပြီ ဖြစ်ကြောင်း ထိုင်း လေဆိပ်မှတ်တမ်းများမှ သိရသည်။

ဘန်ကောက်အခြေစိုက် ခရီးသွားလာရေးအဖွဲ့ (Association of Thai Travel Agents) မှလည်း ထိုင်းပြည်တွင်း မငြိမ်သက်မှုများမှာ ခရီးသွားလာခြင်းနှင့် သက်ဆိုင်မှု မရှိကြောင်းနှင့် သင်္ကြန်ပွဲတော်ကြောင့် ခရီးသည်များ တိုးလာမည်ဟု ခန့်မှန်းကြောင်း မဇ္စျိမသို့ ပြောသည်။

“ပြီးခဲ့တဲ့ နှစ် သင်္ကြန်ပွဲအတွက် မြန်မာက လာတာက ၈ဝဝဝ ကျော် ရှိပါတယ်။ အခုနှစ်မှာလည်း လာမယ့် သူတွေဟာ အရင်နှစ်က အရေအတွက်ထက်တော့ မနည်းဘူးလို့တော့ ခန့်မှန်းထားပါတယ်” ဟု ခရီး သွားလေ့လာရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

ထိုင်းနိုင်ငံတွင်းမှ ဆန္ဒပြမှုများနှင့်ပတ်သက်ပြီး “ဆန္ဒပြတာကလည်း အစိုးရအဖွဲ့ကိုပဲ သူတို့တွေက တောင်းဆို နေကြတာဆိုတော့ ကျမတို့ ခရီးသွားလုပ်ငန်းတွေနဲ့ မသက်ဆိုင်ပါဘူး။ အရင်တုန်းကလို လေဆိပ်ကို သူတို့တွေ ပိတ်မယ်ဆိုရင်တော့ ခရီးသွားလာမှုတွေ နှောင့်နှေးတာတော့ ဖြစ်နိုင်တာပေါ့” ဟု သူမက ပြောသည်။

အာဆီယံနိုင်ငံများ အတွင်းမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်မှု အများဆုံးနိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပြီး လစဉ် ထိုင်းနိုင်ငံသို့ ဝင်ရောက်သူ မလေးရှားလူမျိုး တသိန်းကျော်ရှိသည်ဟု စုံစမ်းသိရှိရသည်။

ယနေ့မှစ၍ ဝန်ကြီးချုပ် အဘီဆစ် ဝေ့ချာချီဝ သွားရာ နေရာတိုင်း သို့ ရှပ်နီ ဆန္ဒပြဦးရေ ၁ဝဝဝဝ က လိုက်ပါပြီး တောင်းဆိုချက်များအတွက် လိုက်လံဖိအားပေးမည်ဟု ထိုင်းသတင်းစာများတွင် ပါရှိသည်။

ဆန္ဒပြသူများက အာဏာရ ဒီမိုကရက်အစိုးရအနေဖြင့် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်ပြုလုပ်ရန် တောင်းဆိုထားသည်။

ရှပ်နီများထောက်ခံသော ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှာနာဝပ်ထရာကို ၂ဝဝ၆ ခုနှစ် တွင် စစ်တပ်မှ အာဏာသိမ်းကာ ဖြုတ်ချခဲ့သည်။

Most read this week