မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာများရှိ လူငယ်အများအပြားသည် ယာချူ(စ်)ခေါ် မူးယစ် စိတ်ကြွဆေးတစ်မျိုးကို သုံးစွဲမှုများပြားလာသည်ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။
အဆိုပါယာချု(စ်)ခေါ်မူးယစ်စိတ်ကြွဆေးမှာ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာနေလူငယ်များအကြားတွင် အလွန်အမင်းထိုးဖောက်ဝင်ရောက်လာသည်ဟု အဆိုပါ ဒေသခံတစ်ဦးမှ ပြောပါသည်။
“ရွာမှာရှိတဲ့ လူငယ်တွေကျတော့ ဒီယာချူ(စ်) ဆေးပြားကို သုံးစွဲတာတော်တော်များတယ်။ တစ်စုံကို (၁၂ဝဝ)ကျပ်ပေးဝယ်နေရတယ်။ ဒီဆေးကိုသောက်တဲ့လူတွေက အရက်တို့၊ ထန်းရည်တို့မသောက်ချင်တော့ ဘူး။ဆေးသောက်ပြီးရင် သူတို့စိတ်တွေဝေးဝါးပြီးတော့ ထိုင်းမှိုင်းနေတာတွေ့ရတယ်။ ” ဟုကော့ဒွန်းကျေးရွာနေ ဝန်ထမ်းတစ်ဦးမှ ပြောပါသည်။
ထို့အပြင် အဆိုပါယာချူ(စ်)ဆေးပြားကိုသုံးစွဲခြင်းကြောင့် အသက်ဆုံးပါးသူများရှိသည်ဟု ဒေသခံ ကော့ပနော်ကျေးရွာသား တစ်ဦးမှ အခုလိုပြောဆိုခဲ့ပါသည်။
“အချို့ဒီဆေးသောက်တဲ့သူတွေဟာ ဝမ်းတွေဖောယောင်လာတယ်။ ပြီးတော့ တချို့ဆိုရင် အာရုံကြော ထိခိုက်ပြီး သေဆုံးတဲ့သူတွေရှိတယ်”
လူငယ်များအနေနှင့် ယာချူ့(စ်)ခေါ် စိတ်ကြွဆေးပြားသုံးစွဲမှုနှင့်ပက်သက်၍ ထိုင်းနိုင်ငံအခြေစိုက် ဒေါက်တာထင်ဇော် ဆက်သွယ်မေးမြန်းရာတွင်
“ဒီ ယာချူ့(စ်)ဆေးပြားဟာ မူးယစ်စိတ်ကြွဆေးတစ်မျိုးပါပဲ။ ဆေးပညာအခေါ်တော့ Ephedriae Dericatices ပေါ့။ မူးယစ်ဆေးနဲ့ဆက်စပ်တဲ့ဆေးတစ်မျိုးပေါ့။ ဆေးပြားနဲ့ဆေးမှုန့်ဆိုပြီးနှစ်မျိုးရှိတယ်။ အဲဒီဆေးသောက်ရင်စိတ်ဓာတ်ပျက်ပြားမယ်။ နှလုံးခုန်မြန်စေတယ်။ ဝေဖန်ပိုင်းခြားတဲ့ အသိဉာဏ်လျှော့ စေတယ်။ သုံးစွဲတာများရင် အသက်အန္တရာယ် ဖြစ်စေနိုင်တယ်။”
၄င်းမူးယစ်စိတ်ကြွဆေးပြားကို မြဝတီလမ်းကြောင်းမှတဆင့် သယ်ဆောင်ဖြန့်ဖြူးနေသည်ဟု ဒေသခံ ကျေးရွာသား တစ်ဦးမှပြောပါသည်။