ပြည်တွင်းကအခက်အခဲအမျိုးမျိုးကြောင့် ပြည်ပကိုရောက်နေကြတဲ့ ကချင်တိုင်းရင်းသားများ ဒုက္ခအခက် အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ Kachin Center ဆိုတဲ့အဖွဲ့ကို ထိုင်းနိုင်ငံ ချင်းမိုင်ရောက် ကချင်များက ပြီးခဲ့တဲ့အပတ် ၁၃ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
ပြည်ပနိုင်ငံတကာတွေမှာ ပျံ့နှံ့နေကြတဲ့ ကချင်လူမျိုးတွေချင်းချင်း ဆက်သွယ်ရေးမှာ အားကောင်းပြီး လိုအပ် ချက်တွေ ၀ိုင်းဝန်းဖလှယ် ကူညီဖြေရှင်းပေးနိုင်အောင် လုပ်ဆောင်သွားဖို့ဖြစ်တယ်လို့ Kachin Center ဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“တချို့ ပညာသင်ချင်တဲ့သူတွေဆိုရင်လည်း ဘယ်သူ့ဆီမှာ ဆက်သွယ်ပြီး သင်ဖို့မရှိဘူး။ တချို့အလုပ်နဲ့ပတ်သက်ပြီး သင်ယူချင်တဲ့ သူတွေဆိုရင်လည်း ဘယ်သူ့ဆီမှာ ဘယ်လို ခိုလုံပြီးသင်ယူဖို့ မရှိဘူး။ အဖွဲ့အစည်းမရှိ အမျိုးမရှိ ဘာမှမရှိ တဲ့သူတွေအတွက်ဆိုရင်တော့ ပညာတတ်ချင်လည်း ကျောင်းတက်ချင်လည်း ဘယ်လိုမှ တက်မဲ့လမ်း မရှိဘူး။ အဲ… အဲလိုလူတွေရဲ့ လိုအပ်နေတဲ့ အခက်အခဲတွေ အမျိုးမျိုးကို ကချင်တိုင်းရင်သား လူမျိုးများသာဖြစ်နေရင် ဘယ်သူမဆို ကိုယ်ဖြစ်ချင် နေတာတွေ ကျွန်တော်တို့ Kachin Center ကနေ ဆက်သွယ်လှုပ်ရှားလမ်းညွှန်ပေးနိုင်ဖို့ အတွက် နံပါတ် ၁ ရည်ရွယ် ထားတာပါ။”
အဓိကဖွဲ့စည်းဖြစ်လာတာရဲ့အကြောင်းအရင်းကတော့ ချင်းမိုင်မှာရောက်နေကြတဲ့ ကချင်လူမျိုးတွေရဲ့ အခက်အခဲ ပြသနာတွေ အမျိုးမျိုးကိုမြင်တွေ့ရတာကြောင့် အဲဒါတွေကိုှ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ပေးတဲ့ Center မရှိမဖြစ်လိုုအပ်တဲ့အကြောင်း မြင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့အစည်းဖြစ်မြောက်ဖို့ကိုလည်း အခြေခံအလုပ်လုပ်ကိုင်နေသူများ၊ ကျောင်းသားများ၊ အဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူများ၊ ကဏ္ဍအသီးသီးမှာ ရပ်တည် နေကြ သူတွေရဲ့ သဘောထားတွေနဲ့ဖွဲ့စည်းဖြစ်ခဲ့ကြ တာဖြစ်ကြောင်း သိရပါတယ်။
Kachin Center အဖွဲ့ဝင်ဆိုတာကိုတော့ ပြည်တွင်းပြည်ပရောက် ကချင်လူမျိုးအဖြစ် မွေးဖွားလာကြတဲ့သူတွေ အားလုံးကို သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
လက်တွေ့အသိမှတ်ပြုပါ၀င်လာကြဖို့လည်း Kachin Center ဖြစ်မြောက်ရေး ကော်မတီဝင် တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
031810-kachin-center
“ချင်းမိုင်မှာရောက်နေတဲ့သူတွေ ကချင်လူမျိုးမည်သူမဆို Kachin Center မှာ ဆက်သွယ်ပြီး Scholarship တွေ့ထားတာပဲဖြစ်ဖြစ် အလုပ်လမ်းတွေ့ ထားတာပဲဖြစ်ဖြစ် Kachin Center ကိုဆက်သွယ်ခဲ့ပါ။ အခက်အခဲနဲ့ အကူညီ လိုအပ်သူတွေ အများကြီး ရှိပါသေးတယ်။ အဲဒါကြောင့် အလုပ်ရှိတဲ့ သူတွေ၊ ကျောင်းတက်တဲ့ အခွင့်အလမ်း ရှိသူတွေ ကျွန်တော်တို့ကို ဆက်သွယ်ပါ။ အဲလိုမဟုတ်ပဲ ကျောင်းတက်ချင် အလုပ်မရပဲ ခက်နေတဲ့ သူတွေ၊ ထိုင်းစကားမတတ်၊ အင်္ဂလိပ်မှာ အားနည်းတဲ့ သူတွေ အားလုံးကိုလည်း Kachin Center မှာဆက်သွယ်လာကြပါ။ ကျွန်တော်တို့ ဘယ်မှာ ဘယ်လို သင်ကြားနိုင်တယ်ဆိုတာ ချိတ်ဆက်ပြီး လမ်းဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။”
ပြည်တွင်းကအကြပ်အတည်းတွေကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ပေါက်ရှာထွက်ခွာ လာကြတဲ့ ကချင်လူမျိုးများဟာ အများစုကတော့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံ တွေမှာ အလုပ်လုပ်ကိုင်နေကြပြီး အများစုကလည်း ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေဖြစ်ပါတယ်။
Kachin Center ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကတော့ အဓိကအားဖြင့် တိုင်းတစ်ပါးရောက်ရှိလာပြီး အခက် အခဲတွေနဲ့ ကြုံတွေနေရတဲ့ ကချင်လူမျိုးတွေရဲ့ ပြဿနာ အမျိုးမျိုးကို အဖွဲ့သားများအားလုံး စည်းလုံး ညီညွတ်စွာ ဝိုင်းဖြေရှင်းသွားဖို့အတွက် ဖွဲ့စည်းခဲ့တာလို့ ဖြစ်မြောက်ရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။