မြန်မာ စစ်အစိုးရက ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တရားမဝင်ကျွန်းသစ်ဖမ်းဆီးမှု စစ်ဆင်ရေး နဲ့အတူ စစ်အင်အားတွေကို တိုးချဲ့ချထားလာပါတယ်။
မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဒုတိုင်းမှူး ဗိုလ်မှူးချူပ် စံထွန်းနဲ့ စရဖ တပ်မှူးနေလင်းတို့ ကိုင်ထိတ်စစ်စခန်းတွင် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ရ ရက်နေ့မှ ယခုမတ်လ ၅ ရက်နေ့ထိ ခေတ္တအခြေစိုက်စဉ် တပ်ရင်းများတိုးချထားပါတယ်။
ကိုင်ထိတ်ဒေသခံများပြောပြချက်အရ စစ်ဗျူဟာအရ အရေးပါတဲ့ ကိုင်ထိတ်စခန်းတွင် ယခုလှည့်ကျ တပ်ချနေတဲ့ မြန်မာစစ်တပ် ခလရ အမှတ် ၂၃၆ တပ်ရင်း တွင် ခလရ အမှတ် ၁၂၁ နဲ့ ခမရ အမှတ် ၃၄၈ တပ်ရင်းနှစ်ရင်းကို ထပ်မံတိုးချထားတာလို့ သိရတယ်။
အဲဒီ တပ်ရင်း ၃ ရင်းကို ထိန်းချူပ်ကွပ်ကဲဖို့အတွက်လည်း မိုးမိတ် ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ၀င်းမြင့်ထွန်း ကိုခန့်ထားခဲ့တယ်လို့ပြောပါတယ်။
ဒေသခံတွေကတော့ အခုလိုတပ်ရင်းထပ်မံတိုးချဲ့ချလာတာဟာ တရားမဝင်သစ် ထုတ်မှုဖမ်းဆီးရေး စီမံကိန်းနဲ့အတူ တစ်ဖက်မှာလည်း နယ်ခြားစောင့်တပ် လက်မခံသေးတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့တင်းမာမှုတွေ ဖြစ်လာတာလို့့ သုံးသပ်နေပါတယ်။
ကိုင်ထိတ် ဆင်ဘို မန်ဝင်းကြီး တွေမှာ မတရားကျွန်းသစ်ထုပ်ရောင်းနေတဲ့ တရုတ်စီးပွါးရေးသမားဟာလည်း နယ်ပြည်တော်ရှိ အရာရှိများထံ ကျပ်သိန်းပေါင်းများစွာ လာဘ်ပေးဆောင်ခဲ့ပေမယ့် အခုချိန်မှာတော့ ထုတ်လုပ်နေတဲ့သစ်ကားတွေကို မြန်မာစစ်တပ်ကဖမ်းဆီးပေးလိုက်တာကြောင့် မကျေမနပ်ဖြစ်နေပါတယ်။
အဲဒီက ဒေသခံတွေကတော့ မြန်မာစစ်တပ် တပ်တိုးချလာတွေရှိနေတာကို စိုးရိမ်မှုတွေရှိနေပေမယ့် အရင်ကတည်း စစ်ဖြစ်မဲ့အလားလာတွေကြောင့် ပစ္စည်းများပြောင်းရွှေ့ခဲ့ရတဲ့အတွက် အခုခါမှာတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ပဲရှိနေတယ်လို့ ဒေသခံအကဲခတ်သူတွေကပြောပါတယ်။