မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဗဟိုအလုပ်အမှုဆောင် နိုင်သိမ်းမောင်သည် လေဖြတ်ရောဂါဖြင့် မတ်လ ၁၇ ရက်နေ့မှာ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်မှာ အသက် (၉၁) နှစ် ရှိသည်။
နိုင်သိမ်းမောင်သည် ပေါင်မြို့ဇာတိဖြစ်ပြီး၊ ကွယ်လွန်ချိန်ထိ ပေါင်မြို့မှာပင် အခြေချသွားခဲ့သည်။ နိုင်သိမ်းမောင်မှာ သားသမီးမထွန်းကားခဲ့ပဲ၊ ကွယ်လွန်ချိန်မှာ ဇနီးသည် သာ ကျန်ရစ်ခဲ့သည်။
ကျန်ရှိနေသည့် နိုင်သိမ်းမောင်၏ ရုပ်ကလာပ်ကို မတ်လ ၂၀ ရက်နေ့မှာ အသုဘချမည်ဖြစ်ပြီး၊ မတ်လ ၂၃ ရက်နေ့မှာ ရေစက်ချအမျှဝေမည်ဖြစ်သည်။
နိုင်သိမ်းမောင်သည် လေဖြတ်ထားသည့်ဝေဒနာဖြင့် ၉ နှစ်နီးပါး ခံစားလာခဲ့ရသည်။ ကျန်းမာရေးမကောင်းဖြစ်နေသည့်အချိန်မှာ မွန်ခေါင်းဆောင်များနှင့် မွန်လူငယ်တို့က နိုင်သိမ်းမောင်ကို ဂုဏ်ပြုလိုခြင်းနှင့် မွန်လူမျိုးများအကြား စည်းစည်းရုံးရုံးရှိလိုစေခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း သူ၏မွေးနေ့ကို ကျင်းပပြုလုပ်ခဲ့သည်။
“ကျနော်တို့ရဲ့ ခေါင်းဆောင်နိုင်သိမ်းမောင်ဟာ လူမျိုးအပေါ် တာဝန်ကျေခဲ့ပါတယ်၊ နိုင်ငံရေးလှုပ်ရှားမှုအဆက်က်မှာ လှုပ်ရှားလာခဲ့တာတွေ ဒါကိုပြန်ကြည့်လိုက်ရင်တော့ အခုလို ကွယ်လွန်သွားတာဟာ ကျနော်တို့ မွန်လူမျိုးတွေအတွက် ခေါင်းဆောင်ကောင်းတစ်ယောက် ဆုံးရှုံးသွားရသလိုပါပဲ” ဟု ဒေါက်တာ နိုင်အောင်မိုးက ပြောသည်။
နိုင်သိမ်းမောင်သည် မွန်ပြည်သူ့တပ်ဦးမှာ တွဲဖက်အတွင်းရေးမှူးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နိုင်ငံရေးလှုပ်ရှားမှုအပိုင်းမှာလည်း ပါဝင်လှုပ်ရှားခဲ့ဖူးသည်။ ၁၉၆၁ ခုနှစ် မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ကော်မတီ (ဗဟို) ဖွဲ့စည်းရာမှာလည်း ဗဟိုကော်မတီဝင်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သည်။
နိုင်သိမ်းမောင်ကွယ်လွန်ခြင်းအခမ်းအနားသို့ မွန်ခေါင်းများ၊ မွန်လူငယ်များအပါအဝ မွန်ပြည်သူအများအပြားတက်ရောက်ရန်ရှိပြီး၊ ထိုမှာပင် မွန်ခေါင်းဆောင်တို့က ၂၀၁၀ ရွေးကောက်ပွဲအကြောင်းဆွေးနွေးရန်လည်း အစီအစဉ်ရှိသည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဒေါက်တာ မင်းစိုးလင်းက ပြောသည်။