စစ်အစိုးရ ဝန်ကြီးချုပ် ရခိုင်ခရီးစဉ်အတွက် ယမန်နေ့မှ စတင်၍ ဘူးသီးတောင်မြို့နယ်တွင် လုံခြံုရေးတိုးမြှင့်ပြီး သစ်ဝါးခုတ်နှင့် ထင်းခွေလုပ်ငန်းပင် မပြုလုပ်ရန် တားမြစ်ခံထားရသည်။
ယနေ့ စတင်မည့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ၃ ရက်ကြာ ခရီးစဉ်အတွင်း ဘူးသီးတောင်မြို့နယ် စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်း ဝန်းကျင်ရှိ ကျေးရွာ ၂ဝ ခန့်သည် အနီးရှိ တောတောင်များတွင် သစ်ဝါးခုတ်နှင့် ထင်းခွေ အလုပ်များပင် မပြုလုပ်ရန် လုံခြံုရေးယူသည့် စစ်ကြောင်းကွပ်ကဲရေးဌာနချုပ် စကခ ၁၅ က တားမြစ်ထားခြင်း ဖြစ်သည်။
“လုံခြံုရေးယူထားတဲ့ ရက်တွေမှာ တောထဲကို မဝင်ဖို့ ရွာသားတွေကို တားမြစ်ထားတာပါ။ ၁၉ ရက်နေ့အထိ မသွားရလို့ ကျေးရွာ ရယက တွေကို ခေါ်ပြောတာပါ” ဟု အမည်မဖော်လိုသည့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာ ရယက ဥက္ကဋ္ဌတဦးက မဇ္ဈိမကို ပြောသည်။
ဖုန်းညိုလိပ်၊ ကြာညိုပြင်၊ ပြာသျှေ၊ တောင်မှော် (ဒိုင်းနာရွာ) အပါအဝင် ကျေးရွာ ၂ဝ ကျော်ကို ထိုကဲ့သို့ အလုပ်များပင် မပြုလုပ်ရန် ပိတ်ပင်ခံရသည်။
စိုင်းတင် စီမံကိန်းတဝိုက်တွင် ဘူးသီးတောင် အခြေစိုက် စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ် (စကခ) ၁၅ မှ ဗိုလ်မှူးချုပ်အောင်နိုင် ဦးစီးပြီး ခြေမြန်တပ်ရင်း ခမရ ၅၅၁၊ ၅၅၂ နှင့် ခြေလျင်တပ်ရင်း ခလရ ၅၃၉ မှ အင်အား ၃ဝဝ ခန့်ဖြင့် လုံခြံုရေး ယူထားသည်။
ဘူးသီးတောင် မြို့နယ် မယက ရုံးဝန်ထမ်းတဦးက “စီမံကိန်းလုပ်ငန်းခွင်ထဲမှာ တဖွဲ့၊ အပြင်မှာ တဖွဲ့၊ နောက်ပြီး ၂ မိုင် လောက်မှာ တဖွဲ့ အသီးသီး လုံခြံုရေး ယူထားတာကို တွေ့ရတယ်။ တောထဲမရဘူးဆိုတာက တော်လှန်ရေး အုပ်စုတွေနဲ့ ဆက်သွယ်မယ့် ကိစ္စကို ကြိုတင်ကာကွယ်တာလို့ ထင်တယ်” ဟု စီမံကိန်းအနီးရှိ ဖုံညိုလိပ်ရွာသား တဦးက ပြောသည်။
ဝန်ကြီးချုပ် စစ်တွေ၊ ငပလီ (သံတွဲ)၊ ဘူးသီးတောင် (စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်း) နှင့် မောင်တော နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဦးစီးဌာန (နစက) သို့ လာရောက်နိုင်ကြောင်း စစ်တွေ မယကရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက် အဆိုအရ သိရသည်။
စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းသည် ဘူသီးတောင်မြို့၏ အရှေ့မြောက်ဘက် ၁ဝ မိုင်ခန့်တွင် တည်ရှိပြီး ၂ဝဝ၉ ခုနှစ် ဧပြီလမှ စတင်တည်ဆောက်ခဲ့ကာ ရေအား လျှပ်စစ်စက်ရုံ စတင်လည်ပတ်နိုင်ပါက ထွက်ရှိလာမည့် ဓာတ်အားကို စစ်တွေ၊ ဘူးသီးတောင် စစ်တပ်များနှင့် ဘင်္ဂလားဒေ့ချ်ကို ရောင်းချနိုင်ဖွယ်ရှိကြောင်း ဘူးသီးတောင် မယက ရုံးဝန်ထမ်းကပင် ပြောသည်။
သူက “ဒီစီမံကိန်းကို စိုင်းပြင်းနေတာတော့ အနှစ် ၃ဝ လောက်ကတည်းက စပြီးတော့ လေ့လာမှုတွေ၊ စစ်ဆေးမှုတွေ အကြိမ်ကြိမ် လုပ်လာခဲ့တာပါ” ဟု ပြောသည်။