၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်၏ ရခိုင်ခရီးစဉ် ရွှေးကောက်ပွဲအတွက် မဟုတ်ဟု ပြော

၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်၏ ရခိုင်ခရီးစဉ် ရွှေးကောက်ပွဲအတွက် မဟုတ်ဟု ပြော
နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်၏ လက်ရှိ လည်ပတ်နေသော ရခိုင်ပြည်နယ် ခရီးစဉ်မှာ ရွှေးကောက်ပွဲ အတွက် မဟုတ်ကြောင်း မောင်တောမြို့မှ အမည် မဖေါ်လိုသူ အစိုးအရ အရာရှိကြီး တဦးက နိရဥ္စရာသို့...

နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်၏ လက်ရှိ လည်ပတ်နေသော ရခိုင်ပြည်နယ် ခရီးစဉ်မှာ ရွှေးကောက်ပွဲ အတွက် မဟုတ်ကြောင်း မောင်တောမြို့မှ အမည် မဖေါ်လိုသူ အစိုးအရ အရာရှိကြီး တဦးက နိရဥ္စရာသို့ ပြောသည်။

သူက “ရခိုင်လူထုကတော့ ရွှေးကောက်ပွဲ ဥပဒေတွေ ထွက်လာပီး သိပ်မကြာခင်ဘဲ သူ့ခရီးစဉ် ထွက်ပေါ်လာတော့ ရွှေးကောက်ပွဲအတွက် ရခိုင်လူထုကို စည်းရုံးဖို့ လာတယ်ဆိုပီး ပြောကြ ဆိုကြတာပေါ့လေ။ အမှန်တကယ်တော့ သူက ရခိုင်ပြည်နယ် အတွင်းမှာ တည်ဆောက်နေတဲ့ စီမံကိန်းကြီးတွေကို လာရောက် စစ်ဆေးတာ ဖြစ်ပါတယ်။ မနေ့ကလည်း ဘူးသီးတောင်က စိုင်းတင် ရေအား လျှပ်စစ် စီမံကိန်းကို သွားရောက် စစ်ဆေးခဲ့ပါတယ်” ဟု ပြောသည်။

၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်သည် ယခုလ ၁၅ ရက်နေ့က စစ်တွေသို့ ရဟတ်ယာဉ် နှစ်စီးဖြင့် ရောက်ရှိလာခဲ့ပြီး အဆိုပါနေ့ ညနေတွင် စစ်တွေမြို့တော်ခန်းမတွင် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ အစိုးရ ၀န်ထမ်းနှင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု သိရသည်။

SaiDin-waterfall285

မတ်လ ၁၆ ရက်နေ့က ၀န်ကြီး ချုပ် ဗိုလ်ချုပ်သိန်းစိန်သည် ကျောက်တော်၊ ပလက်ဝနှင့် ဘူးသီးတောင်မြို့သို့ ရဟတ်ယာဉ် နှစ်စီးဖြင့် သွားရောက်ခဲ့သည်။

“ဘူးသီးတောင်မြို့နယ်မှာ တည်ဆောက်နေတဲ့ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းက ဘတ်ဂျက် မရှိတော့ ရပ်ထားရတယ်။ နောက်လာမယ့် ဘတ်ဂျက်မှာ စိုင်းတင် ရေအားလျှပ်စစ်အတွက် ငွေခွဲဝေ ပေးမယ်လို့ သိရတယ်။ ဒါကြောင်း သူက စိုင်းတင် ရေအား လျှပ်စစ် စီမံကိန်း အခြေအနေကို လာရောက် ကြည့်ရှု့တာ ဖြစ်တယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

သို့သော်လည်း ၀န်ကြီးချုပ်သိန်းစိန်သည် ဘူးသီးတောင်မြို့တွင် မောင်တော-ဘူးသီးတောင် ခရိုင်မှ တာဝန်ရှိသူများ၊ ဘူးသီးတောင် တပ်နယ်မှ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် တွေ့ဆုံပြီး ၂၀၁၀ ရွှေးကောက်ပွဲကို အောင်မြင်အောင် ပြုလုပ်ရန် ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးသို့ မောင်တောခရိုင် ဥက္ကဌ၊ မောင်တောမြို့နယ် ဥက္ကဌ၊ နစကမှူး အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများလည်း တက်ရောက်ခဲ့သည်။

ယမန်နေ့ ညနေပိုင်းတွင် ၀န်ကြီးချုပ် သိန်းစိန်သည် ဘူးသီးတောင်မှ စစ်တွေသို့ ပြန်သွားခဲ့သည်။ ယနေ့တွင် စစ်တွေမှ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့များသို့ သွားရောက် လည်ပတ်နေသည်ဟု သိရသည်။

Most read this week