တရုတ်နယ်စပ် ကျယ်ဂေါင် - မူစယ်လမ်းကြောင်းမှတဆင့် နအဖစစ်တပ်ထံ လွဲပြောင်းပေးမည့် တရုတ်စစ်ထရပ် ကား အစီး ၅၀ ကျော်ခန့် တရုတ်နယ်စပ် ရွှေလီမြို့သို့ မတ်လ ၁၅ ရက်နေ့မှစတင် ရောက်ရှိလာသည်။
ဗမာလို အရှေ့လေကြမ်းဟု အဓိပ္ပါယ် ရသော DONGFENG (တုန်းဖုန်း) တံဆိပ် ၆ ဘီးပါ သရီးကရောင်း အမျိုးအစား စစ်ထရပ်ကားများဖြစ်ပြီး ၃ ရက်ဆက်တိုက် နယ်စပ်သို့ အဆက်မပြတ်ရောက်ရှိနေကြောင်း မျက်မြင် ဗမာတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ မတ်လ ၁၅ ရက်နေ့က စပြီးရောက်နေတာ ဒီနေ့အထိပေါ့၊ ဒီကရေဆေးခုံတွေမှာ ရေလာဆေးတယ်လေ လော လောဆယ် အခွန်ကောက်တဲ့ရုံးဝင်းထဲမှာ နားနေကြတယ်၊ အစီးရည်အားဖြင့် လောလောဆယ် ၅၀ ကျော် လောက်တော့ရှိပြီ ” ဟု သူက ပြောသည်။
နအဖ ထံလွဲပြောင်းပေးမည့် တရုတ်လုပ် DONGFENG ကား (photo: MG)
ကားတစ်စီး၏တန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၂ သောင်းကျော်နှင့် ညီမျှသော တရုတ်ယွမ်ငွေတစ်သိန်းခွဲ ၀န်းကျင်ရှိကြောင်း အဆိုပါ ယာဉ်မောင်းတစ်ဦးက ပြောသည်။
လွန်ခဲ့သည့်နှစ်များအတွင်း FAW , DONGFENG တံဆိပ်ပါ တရုတ်လုပ်စစ်ထရပ်ကား အမျိုးအစား အစီးရေ ထောင်နှင့်ချီ နအဖ စစ်တပ်ထံ တရုတ်နယ်စပ်လမ်းကြောင်းမှ တဆင့်လွဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။
လွဲပြောင်းပေးပြီး ကားအမျိုးအစားများတွင် စစ်သည်တင်ယာဉ်များ၊ အပေါ့စားထရပ်ကားများနှင့် အမြောက်ဆွဲယာဉ်ကြီးများ ပါ၀င်ကြောင်း တရုတ်နယ်စပ် စစ်ရေးလေ့လာသူများက ပြောသည်။
တရုတ်ကုမ္ပဏီများထံမှ နအဖ စစ်တပ်အတွက် ကားရောင်းချရာတွင် ငွေလက်ငင်းပေးချေစရာမလိုပဲ အရစ်ကျ ကုန်ပစ္စည်းဖြင့် လဲလှည်သည့်စနစ်ဖြင့် ၀ယ်ယူကြောင်း လေ့လာသူများအဆိုအရ သိရသည်။