ထိုင်းဘုရင့် သမီးတော် သီရီဒုံ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

ထိုင်းဘုရင့် သမီးတော် သီရီဒုံ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ
by -
စိုင်းဇွမ်ဆိုင်း
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ သည် ယနေ့ည ရ နာရီခန့်က ဘန်ကောက် ဒွန်မောင်းလေဆိပ်သို့ ပြန်လည်...

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ သည် ယနေ့ည ရ နာရီခန့်က ဘန်ကောက် ဒွန်မောင်းလေဆိပ်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

“ဘုရင့်သမီးတော်က ဒီနေ့မနက်မှာ ကျိုက်ထီးရိုးစေတီသို့ ဖူးမျှော်ခဲ့ပြီးတော့ နေ့လည်ပိုင်းမှာ ရန်ကုန်က မိုက်ကယ်မိုးမြင့်အိမ်မှာ နေ့လည်စာ စားခဲ့ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

မိုက်ကယ်မိုးမြင့်သည် Myint Associate ရေနံကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် သီရိဒုံနှင့် အတူဆောင်ရွက်ခဲ့ဖူးသူ မိတ်ဆွေတဦးဖြစ်သည်။

မဟာချက်ကရီ သီရိဒုံသည် ယနေ့နံနက်တွင် ကျိုက်ထီးရုံးစေတီတော်သို့ သွားရောက်ဖူးမျှော်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ ဆင်ဖြူတော်ဥယျာဉ်၊ လှော်ကားဥယျာဉ်သို့လည်း ယနေ့ သွားရောက်လေ့လာ ခဲ့သည်ဟု သိရသည်။

ယခုလ ၁၅ ရက်နေ့မှစ၍ ၃ရက်ကြာသည့် သူ၏ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် အစတွင် နေပြည်တော်သို့ ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် ထိပ်သီးစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံခဲ့ပြီး နေပြည်တော် တည်ဆောက်မှု လုပ်ငန်းများကိုလည်း လေ့လာခဲ့သည်။

ထိုင်းနိုင်ငံခြားရေး တာဝန်ရှိသူက “နေပြည်တော် အမျိုးသားဥယျာဉ်၊ ကျောက်မျက်ရတနာပြခန်းနဲ့ ဝန်ကြီး ဌာနတွေ၊ ဝန်ထမ်းအိမ်ယာ တည်ဆောက်ထားပုံတွေကိုလည်း တာဝန်ရှိသူတွေက လိုက်လံပြသခဲ့ပါတယ်” ဟု ပြောသည်။

နေပြည်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ မာလိနီ မင်္ဂလာ ရေကန်တော်အနီး “သတ်မှတ်နေရာ” တွင် အထိမ်းအမှတ် ဗောဓိပင်ကို စိုက်ပျိုးပေးခဲ့ကြောင်း ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာများက ရေးသားကြသည်။

ခရီးစဉ်၏ ဒုတိယနေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ထိုမှတဆင့် ဧရာဝတီတိုင်းမှ နာဂစ်ဒဏ်ခံခဲ့ရသော ဒေသများသို့ လှည့်လည်သွားရောက်ခဲ့သည်။

ထိုင်းဘုရင်မိသားစုမှ ဆောက်လုပ်လှူဒါန်းထားသော ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာမှ ဆေးရုံသစ်၊ ကဒုံကနိကျေးရွာမှ စာသင်ကျောင်း တကျောင်းကို ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် သီရိဒုံ က ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။

ထိုမှတဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး သီရိဒုံနှင့် ထိုင်းအမျိုးသားကြက်ခြေနီအဖွဲ့တို့က အမေရိကန်ဒေါ်လာ ရ၈ဝ ဝဝဝ မတည်ပေးခဲ့သည့် အမျိုးသား သွေးလှူဘဏ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ရွှေတိဂုံဘုရားသို့လည်း သွားရောက်ဖူးမျှော်ခဲ့သည်။

အသစ်ဖွင့်လှစ်သည့် အမျိုးသားသွေးလှူဘဏ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသွေးလှူဘဏ်ဖြစ်ပြီး သွေးယူနစ်ပေါင်း ၁၅ဝဝ ထက်ပို၍ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။

မဟာချက်ကရီ သီရိဒုံကို ၁၉၅၅ ခုနှစ် ဧပြီ ၂ ရက်နေ့တွင် ဘုရင် ဘူမိဘော အဒူယာဒက်နှင့် မိဖုရား သီရိခေတ်တို့မှ မွေးဖွားခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ချူလာလောင်ခွန် တက္ကသိုလ်မှ သမိုင်းအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့၊ ၁၉၇၈ ခုနှစ်တွင် အရှေ့တိုင်းစာပေဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့၊ ၁၉၈၇ ခုနှစ်တွင် သရီနာခါ ရင်ဝီရော့ထ် တက္ကသိုလ်မှ ပညာရေးဖွံ့ဖြိုးမှု အထူးပြုဖြင့် ဒေါက်တာဘွဲ့ အသီးသီး ရရှိခဲ့သည်။

ထိုင်းအမျိုးသားကြက်ခြေနီအဖွဲ့၏ အမှုဆောင် ဒုတိယဥက္ကဌလည်းဖြစ်ပြီး ချိုင်ပတ်တနာ ဖောင်ဒေးရှင်း၊ အာနန်ဒါ မဟီဒုံ ဖောင်ဒေးရှင်းနှင့် ဒုတိယမြောက် ရာမဘုရင် ဖောင်ဒေးရှင်းတို့၏ အမှုဆောင် ဥက္ကဌအဖြစ် လည်းကောင်း စိုင်ချိုင်း ထိုင်းဖောင်ဒေးရှင်းနှင့် မင်းသား မဟီဒေါလ်ဆုဖောင်ဒေးရှင်းတို့၏ ဥက္ကဌအဖြစ်နှင့် လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

မဟာချက်ကရီ သီရိဒုံသည် ၂ဝဝ၃ ခုနှစ်က မြန်မာနိုင်ငံသို့ တတိယအကြိမ်အဖြစ် နောက် ဆုံးရောက်ရှိခဲ့ပြီး ပဲခူး၊ မန္တလေး၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် ပူတာအိုမြို့နှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့များသို့ သွားရောက်လေ့လာခဲ့သည်။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ၁၉၈၆ ခုတွင် ကွယ်လွန်သူ စစ်အာဏာရှင် ဦးနေဝင်း၏ ဖိတ်ကြား ချက်ဖြင့် ရောက်ရှိခဲ့သည်။ ၁၉၉၄ ခုတွင် မယ်ဆိုင်-တာချီလိတ် ထိုင်း-မြန်မာနယ်စပ်မှတဆင့် တာချီလိတ် နှင့် ကျိုင်းတုံမြို့များသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။