မြန်မာပြည်အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီလူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။
ရှမ်းနီတိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ်တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။
မြန်မာပြည်အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြရေးသားထားသည်။
စစ်အစိုးရအာဏာပိုင်များက ရှမ်းနီစာပေ၊ ဘာသာစကား တရားဝင် သင်ကြားခွင့် နှင့် ယဉ်ကျေးမှုပွဲတော်များ ကျင်းပခွင့်တို့ကို ပိတ်ပင်ထားသည်သာမက ရှမ်းနီ လူမျိုးစုများ၏ နိုင်ငံသားဖြစ်ခြင်းအပေါ် ကန့်သတ်မှုများ ရှိနေသည့်အတွက် လူငယ်များအကြား စာပေ၊ စကား၊ ယဉ်ကျေးမှုများ သိရှိနားလည်မှု ဆိတ်သုဉ်း ပျောက်ကွယ်မည့် အလားလာများ တွေ့ကြံုနေရသည်။
“ကိုယ့်ကိုကိုယ် ရှမ်းနီလူမျိုးဆိုတာ အရင်က မသိခဲ့ဘူး။ အခုနောက်ပိုင်း လူကြီးမိဘတွေ ပြောစကားအရ သိရတာ။ ရှမ်းနီစာလည်း သင်ကြားခွင့်အပိတ်ခံထားရတော့ စာရော၊ စကားပါ မတတ်ပါဘူး။ ကျနော်မိဘတွေလည်း မတတ်ပါဘူး။ အဘိုးအဘွားတွေလောက်ပဲ တတ်တာ” ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ နန်းမား ဒေသခံ ရှမ်းနီလူငယ် စိုင်းထွန်းက နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို ပြောသည်။
အလားတူ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်ဒေသတလျှောက်တွင်နေထိုင်ကြသော ရှမ်းနီလူမျိုးများသည် ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သော်လည်း စာပေအရေးအသားတွင် သိကျွမ်းသူများ ယခုအခါတွင် အလွန်ရှားပါးနေပြီဖြစ်ကြောင်း မိုင်းနားရွာက ကိုစိန်မောင်က ယခုလိုပြောသည်။
“ကျနော်အပါအဝင် လူငယ်အတော်များများက စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ပါတယ်။ ရှမ်းစာပေကြတော့ လုံးဝ သင်ကြားခွင့်မရဘူးဆိုတော့ ရွာမှာရှိတဲ့သူတွေအားလုံးလိုပဲ မရေးတတ်၊ မဖတ်တတ်ကြဘူး။ ရေးတတ် ဖတ်တတ်တဲ့လူကြီးတွေ လည်း သေဆုံးကုန်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။
ဘိုးဘွားအစဉ်အဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးစုများသည် ၁၉၄၇ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၆ အရ ပြည်နယ်သတ်မှတ်ခြင်း မခံခဲ့ရသဖြင့် နောက်ပိုင်းတွင် ၎င်းတို့စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာနေသည်ဟု ၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုး အစီရင်ခံစာတခုက ဖော်ပြသည်။
မြန်မာပြည်အထက်ပိုင်းတွင်နေထိုင်သော ဒေသခံရှမ်းအမျိုးအနွယ်များမှာ တိုင်းလိုင်(ရှမ်းနီ) တိုင်းခန္တီး (ခန္တီးရှမ်း)၊ တိုင်းနေ (ရှမ်းတရုတ်)၊ တိုင်းလုံ (ရှမ်းကြီး) တိုင်းဂဒူး၊ တိုင်းဂဏန်း၊ တိုင်းဖွန်း၊ တိုင်းဆာ(ခေါ်) မိုင်းသာရှမ်း တို့ဖြစ်သည်။
၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ရှမ်းနီလူမျိုးနွယ်စုများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် လူမျိုးအမည်ဖော်ပြရာ၌ ‘ရှမ်း - ဗမာ’ ဟုသာ ထည့်သွင်းရေးသားစေခဲ့ပြီး၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ ‘ဗမာ’ ဟုသာ ယနေ့အထိ ထည့်သွင်း သုံးနှုန်းစေခဲ့သည်။
ယခုလို အမည်ပြောင်း သတ်မှတ်ခံရခြင်းဖြင့် ရှမ်းနီလူမျိုးစုမှာ ပျောက်ကွယ်တော့မည့်အလားအလာရှိနေကြောင်း ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက စိုင်းခမ်းတီ ပြောသည်။
“အခုမှတ်ပုံတင်လုပ်တဲ့အခါ မင်းတို့က ရှမ်းစကားလည်းမတတ်ဘဲနဲ့ ဘာလို့ ရှမ်း -ဗမာဆိုပြီးထည့်ရမှာလဲ၊ ရှမ်းဗမာဆိုတာမရှိဘူး။ ရှမ်းဆိုရင်ရှမ်းပေါ့၊ ဗမာဆိုရင် ဗမာပေါ့ဆိုပြီး၊ အခုတော့ ရှမ်းနီစကားမတတ်တဲ့ရှမ်းတွေအားလုံး ဗမာလို့ပဲထည့်ရတယ်” ဟု ပြောသည်။
သူက “ရှမ်းနီလူမျိုး တွေအနေနဲ့ ဗမာလို့ မထည့်ချင်ပေမဲ့ သူတို့ရဲ့ အာဏာကိုမဖီဆန်နိုင်တော့ ထည့်ရတာပေါ့။ လူငယ်တွေကလည်း ဗမာလိုပဲတတ်ကြတဲ့အတွက် တဖြည်းဖြည်း ကွယ်ပျောက်တော့မယ့် အန္တာရယ်နဲ့ ကြံုတွေ့နေရပါတယ်” ဟု ဆိုသည်။
မြန်မာပြည်တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားနှင့် စာပေများကို ယနေ့ထိတိုင် တရားဝင်သင်ကြားခွင့်မရရှိခြင်းသည် လူမျိုးနွယ်စုများ အမြတ်တနိုးထားသည့် စာပေ၊ ဓလေ့ထုံးတမ်းစဉ်လာများ ပျောက်ကွယ်မည့် လမ်းစပင်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက မှတ်ချက်ပေးသည်။
အလားတူ ရှမ်းနီလူမျိုးစုများ၏ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို အာဏာပိုင်များက လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်ကာ တရားဝင်ကျင်းပခွင့် ပိတ်ပင်ခြင်းခဲ့သည့်အတွက် လူငယ်များအကြား ရိုးရာပွဲတော်များအကြောင်း သိသူရှားပါးလာနေကြောင်း ရှမ်းနီလူငယ်များက ဆိုသည်။
“ကျနော်တို့ဆီမှာ ရိုးရာပွဲတော်ဆိုလို့ ဘာပွဲမှ မကျင်းပဖြစ်တာ အတော်ကို ကြာနေပါပြီ။ နှစ်သစ််ကူးပွဲတော်တွေတောင် မကျင်းပဖြစ်တာတောင်ကြာပါပြီ။ ရိုးရာပွဲလမ်းသဘင်ဆိုလို့ ဘာမှမရှိပါဘူး” ဟု စိုင်းခမ်းတီ ကဆိုသည်။
သူက “ဥပုဒ်နေ့တွေမှာ ၆ အိမ်၊ ရ အိမ်စုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာ၊ လာတဲ့ပရိသတ်တွေကို ဧည့်ခံကျွေးမွေးတာမျိူးလောက်ပဲရှိတော့တာပါ” ဟု အင်းတော်ကြီးဒေသက အခြေအနေကို ပြောပြသည်။
ရှမ်းနီတိုင်းရင်းသား အများစုသည် ယခင်က တနိုင်တပိုင် ရွှေကျင်သည့်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ခြင်း၊ လယ်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ထို့ကြောင့် အထက်တန်းပညာရေးအဆင့် ကျော်လွန်ကာ၊ တက္ကသိုလ်ဘွဲ့ရ သူများ နညး်ပါးနေသေးကြောင်း ကချင်ပြည်နယ်၊ မိုင်းနားရှမ်းရွာနေထိုင်သူ ကိုစိန်မောင်က ယခုလိုပြောသည်။
“ကျနော်တို့ လူမျိုးတွေက ပညာလည်းမတတ်တော့ မိဘတွေလုပ်ကိုင်တဲ့ အရက်ချက်တာတို့၊ ဝက်မွေးတာတို့၊ အခင်းစိုက် ပျိုးတာတို့၊ လယ်ယာလုပ်ကိုင်တာတို့ပဲ လုပ်တတ်တယ်။ လက်လုပ်လက်စားတွေပဲများတယ်။ လေးတန်းအောင်ရင်ပြီးတာပဲ။ ဘာမှမလိုဘူး၊ အလုပ်လုပ်စားလို့ရရင်ပြီးတာပဲလို့ ထင်တယ်လေ” ဟု ပြောသည်။
ရိုးရာစာပေ၊ ယဉ်ကျေးမှု၊ ပွဲတော်၊ ဘာသာစကားအပြင် ရိုးရာအဝတ်အစားများမှာလည်း တဖြည်းဖြည်း ကွယ်ပျောက်လာသည့်အတွက် ဓလေ့ထုံးတမ်းအစဉ်လာများကို ထိမ်းသိမ်းလိုသည့် ရှမ်းနီခေါင်းဆောင်တချို့က အာဏာပိုင်များပိတ်ပင်သော်လည်း နွေရာသီအားလပ်ရက်တွင် လူငယ်များကို တတ်နိုင်သရွှေ့ လက်ဆင့်ကမ်း သင်ကြားပေးရန် စီစဉ်ထားသည်။
“အာဏာပိုင်တွေက ရှမ်းနီစာဆိုတာ မရှိဘူးဆိုပြီး၊ ပိတ်ပင်ခံရတယ်။ ဒါပေမယ့် ရှမ်းနီစာပေသင်ကြားရေးတွေကို မြို့နယ်တချို့နဲ့ ကျေးရွာတွေကို ဆင်းပြီး၊ အသက် အရွယ်မရွေး သင်ကြားပေးနေပါတယ်” ဟု ရှမ်းနီစာသင်ကြားရေးတွင် ကူညီဆောင်ရွက်ပေးနေသူ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသနေထိုင်သူ နန်းရှန်ဟွမ်က ပြောသည်။
လတ်တလောတွင် ရှမ်းနီစာပေသင်ကြားရေးကို ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ရွှေကူဒေသတို့တွင် လုပ်ဆောင်ပေးနေကြောင်း နန်းရှန်ဟွမ် က ဆိုသည်။
၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံတွင် ရှမ်းနီအမျိုးသားလက္ခဏာဖော်ဆောင်ခွင့်ပေးရန် ရှမ်းနီခေါင်းဆောင် တဦးဖြစ်သူ ဦးစိုင်းထိန်လင်းက အကြံပြုချက် စာတမ်းတစောင် တင်သွင်းခဲ့သေးသည်။
စစ်အစိုးရရေးဆွဲထားသည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေတွင်မူ တိုင်းရင်းသားလူနည်းစုတချို့ဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် ၀’ တို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းနှင့် ဒေသများအဖြစ် သတ်မှတ်ပေးထားသည်။