မြန်မာ့ဆန်တန်ချိန် ၂၅ဝဝဝ ကို ဘင်္ဂလားဒေ့ချ်က ယခုနှစ်အတွင်း ဝယ်ယူမည့် သတင်းကြောင့် ယခုလ ၁ဝ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ဆန်/စပါးစျေးများ မြင့်တက်သွားသည်။
မောင်တော၊ ဘူသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များတွင် ဧည့်မထဆန် (ကီလိုဂရမ် ၃ဝ/၂၄ ပြည်ဝင်) တအိတ်လျှင် ကျပ် ၁၉ဝဝဝ မှ ၂၅ဝဝဝ အထိနှင့် စပါးတင်း ၁ဝဝ လျှင် ကျပ် ၁၂ဝဝဝဝ မှ ၁၉ဝဝဝဝ-၂ဝဝဝဝဝ အထိ မြင့်တက်သွားခြင်း ဖြစ်သည်။
“ဘင်္ဂလားဒေ့ချ်ဘက်က ဝယ်မယ်ဆိုတဲ့ သတင်းကြားလို့ ကုန်သည်တွေက စျေးမြှင့်ပြီး လိုက်ဝယ်နေလို့ တက်တာပါ” ဟု ရသေ့တောင်မြို့မှ စပါးကုန်သည်တဦးဖြစ်သူ ဦးကြံက မဇ္ဈိမကို ပြောသည်။
မောင်တောနှင့် ဘူးသီးတောင်တွင် ဆန်းစျေးများ မြင့်တက်သွားပြီး၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းတွင် စပါးစျေးများ မြင့်တက်နေခြင်း ဖြစ်သည်။
“ဆန်းစျေးက ဒီတရက်နှစ်ရက်အတွင်းမှ ထိုးတက်သွားတာ တခြားမြို့တွေက ဆန်တွေ ဝင်မလာတာက တကြောင်း ကိုယ့်နယ်ထဲမှာ ရှိနေတဲ့ ဆန်တွေကျတော့လည်း တနိုင်တပိုင် ဘင်္ဂလားဒေ့ချ်ကို ပို့နေတဲ့အတွက် ဆန်စျေးက ထိုးတက်သွားပါတယ်” ဟု မောင်တောမှ ဆန်ဆိုင်ပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။
ပြည်ပကို ဆန်တင်သွင်းမည့် သတင်းနှင့်အတူ ဒေသတွင်း ဆန်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများလည်း ပိုမိုတင်းကျပ်သွားကြောင်း သိရသည်။
ဆန်ဆိုင်ပိုင်ရှင် အမျိုးသမီးကပင် “အရင်ကဆို ဆန် ၄-၅ အိတ်လောက်ကို တမြို့ကနေ တမြို့ကို သယ်ယူလို့ ရတယ်။ အခုတော့ တအိတ်လောက်ပဲ သယ်ယူခွင့် ပြုတော့ တယ်။ အဲဒီအတွက် စပါးအထွက်နည်းပြီး စားသုံးသူ များနေတဲ့ မောင်တောတို့၊ ဘူးသီးတောင်တို့ဘက်မှ ဆန်စျေးက ချက်ချင်းဆိုသလို တက်လာတာပါ။ အခုဆို ဧည့်မထ ဆန်တအိတ်ကို ကျပ် ၅ဝဝဝ ကနေ ၆ဝဝဝ လောက်ထိ ခုန်တက်သွားတယ်” ဟု ပြောဆိုသည်။
ဘင်္ဂလားဒေ့ချ် ပြည်တွင်းစားသုံးမှုအတွက် လိုအပ်နေသည့် ဆန်တန်ချိန် ၂၅ဝဝဝ ကို တတန်လျှင် ၃၉၅ ဒေါ်လာစျေးဖြင့် မြန်မာနိုင်ငံမှ ဝယ်ယူရန် ယခုလ ၂ ရက်နေ့တွင် ပြုလုပ်သော ဝန်ကြီးများ အစည်းအဝေးက အတည်ပြုခဲ့ခြင်း ဖြစ်သည်။
မောင်တောသည့် ဘင်္ဂလားဒေ့ချ်သို့ နတ်မြစ်သာခြားပြီး၊ နယ်စပ်နေပြည်သူများအနေဖြင့် တပိုင်တနိုင် ဆန်မှောင်ခို စီးပွားရေးကို လုပ်ကိုင်လျက်ရှိရာ နစက (နယ်စပ် ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ်) တပ်ဖွဲ့ဝင်များကို ဆန်တအိတ်အတွက် ကျပ် ၅ဝဝ စီ ပေးဆောင်ရသော်လည်း ဘင်္ဂလားဒေ့ချ်အတွင်း အကောက်ခွန် ကင်းလွတ်ခွင့် ရရှိသည်။
“မြန်မာ နစက တွေတော့ ကျပ် ၅ဝဝ ပေးရတယ်။ BDR (ဘင်္ဂလားဒေ့ရှ် နယ်စပ်စောင့်တပ်) ကိုကျတော့ ပေးစရာ မလိုဘူး။ တပိုင်တနိုင် လုပ်ငန်းတွေ ဖြစ်တဲ့အတွက် ဆန်ခတော့ ပေးစရာမလိုဘူး။ လူတယောက်အတွက် ၂ဝဝ တာကာ (ကျပ် ၃ဝဝဝ) စီပဲ အကောက်ပေးရတယ်” ဟု မောင်တောမြို့မှ အမည်မဖော်လိုသူ ဆန်ကုန်သည် တဦးက ပြောသည်။