စစ်ဘက်နှင့် အစိုးရအဖွဲ့ အရာရှိများလည်း ရွေးကော်ပွဲဝင်ရန် လုပ်ဆောင်နေရာ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ရန်ကုန်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် လက်ရှိရာထူးမှ မကြာမီ နှုတ်ထွက်တော့မည် ဖြစ်သည်။
မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ယခုလအတွင်း ရာထူးမှ နှုတ်ထွက်မည်ဖြစ်ပြီး၊ စစ်အစိုးရ ထူထောင်ထားသော လူမှုရေး အသင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအား နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလဲမည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု လုပ်ဖော်ကိုင်ဘက်များက ပြောသည်။
''မြို့တော်ဝန်က ရန်ကုန်တိုင်း အမတ်နေရာက ဝင်ရွေးမယ်။ကြံံ့ဖွံ့နာမည်ကို ပြောင်းပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ပါမှာ။ သူနဲ့နီးစပ်တဲ့ သူတွေကို လွန်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပြီး ကတည်းကပဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ဖို့ စည်းရုံးနေတာ'' ဟု စည်ပင် အရာရှိတဦးက ဆိုသည်။
ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် အသင်း၏ တိုင်းတာဝန်ခံလည်း ဖြစ်သည်။
သူ၏ ရာထူးနေရာကို ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက ဆက်ခံလိမ့်မည်ဟု အများက ခန့်မှန်းထားကြသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းခြင်း မရှိဘဲ ဆက်လက်အုပ်ချုပ်နေသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်အောက်မှ ဝန်ကြီးအချို့နှင့် စစ်ဘက်ရာထူးလက်ကိုင်အချို့သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင်လည်း ဝင်ပြိုင်ရန် ရာထူးစွန့်မည် ဖြစ်သည်။
မဇ္ဈိမက စုဆောင်းရရှိထားသော စာရင်းအရ စစ်အုပ်စုက လျှို့ဝှက်စွာ ပြင်ဆင်နေသည့် အဆိုပါ အစီအစဉ်ကြောင့် သတ္တုတွင်း၊ ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စက်မှု ၁၊ စီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေး၊ အားကစား၊ ပညာရေး၊ ရထားပို့ဆောင်ရေး၊ လျှပ်စစ်၊ သစ်တော၊ စိုက်ပျိုးရေးနှင့် စွမ်းအင် ဝန်ကြီးများအပြင် ရန်ကုန် မြို့တော်ဝန်သည် ရွေးကောက်ပွဲဝင်မည် ဖြစ်သည်။
ရွေးကောက်ပွဲဝင်သူများက ရာထူးမှ နှုတ်ထွက်၍ လစ်ဟာသွားသော နေရာများကို အစားထိုး မခန့်အပ်ထားဘဲ ဒုဝန်ကြီးများကပင် အုပ်ချုပ်စီမံသွားရန် နအဖက စီမံထားကြောင်း နေပြည်တော်ရှိ သတင်းရပ်ကွက်များအရ သိရသည်။
ဝန်ကြီးဌာနများက လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာကြီးများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား အပြီးသတ် ညွှန်ကြားထားခြင်းမှာ လုပ်ငန်းများကို ချုံ့ထားရန်ဖြစ်သည်ဟု ဆိုသည်။ သို့သော် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တိုက်ရိုက်ညွှန်ကြားချက်မှာ မည်သည့်အချိန်တွင် လုပ်ငန်းကြီးများ ပြန်လုပ်ရန် သတ်မှတ်ထားခြင်း မရှိကြောင်း လေ့လာသိရှိရသည်။