နှလုံးသားက ငိုကြွေးသံကို နားထောင်ပါ

နှလုံးသားက ငိုကြွေးသံကို နားထောင်ပါ
by -
နန်းဒေဝီ
“ကျမတို့ခံစားချက်၊ လိုအပ်ချက်တွေကို စစ်အစိုးရက နားမထောင်တဲ့အတွက် ဒီမှာလာပြီး ပြောပြရတာ ရင်ဖွင့်လိုက်သလိုမျိုး ခံစားရပါတယ်” ဟု လတ်တလောက နယူးယောက်မြို့တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ခုံရုံးပုံစံသဏ္ဍန်တူ ခုံရုံးတခုတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို...

“ကျမတို့ခံစားချက်၊ လိုအပ်ချက်တွေကို စစ်အစိုးရက နားမထောင်တဲ့အတွက် ဒီမှာလာပြီး ပြောပြရတာ ရင်ဖွင့်လိုက်သလိုမျိုး ခံစားရပါတယ်” ဟု လတ်တလောက နယူးယောက်မြို့တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ခုံရုံးပုံစံသဏ္ဍန်တူ ခုံရုံးတခုတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သက်သေထွက်ဆိုခဲ့သူ ကူကီး အမျိုးသမီး တဦးဖြစ်သည့် အက်စတာနန်း (Esther Nem) က ပြောဆိုလိုက်သည်။

“နိုင်ငံကိုအုပ်ချုပ်တဲ့ အစိုးရကိုယ်တိုင်က ကျမတို့ပြောပြတဲ့ အချက်တွေကို နားထောင်ဖို့ထက်၊ သူတို့ကိုယ်တိုင်က ကျူးလွန်သူတွေဖြစ်နေကြတယ်” ဟု သူမက ပြောဆိုပြီး၊ “နှစ်ရှည်ခံစားလာခဲ့ကြတဲ့ ကိုယ်စားပြုအသံတွေကို နိုင်ငံတကာက လူတွေပိုသိလာဖို့၊ ပိုစိတ်ဝင်စားလာဖို့ ဆိုတဲ့ မျှော်လင့်ချက် ရှိပါတယ်” ဟုလည်း သူမက ထိုင်းအခြေစိုက် နိုင်ငံတကာ မြန်မာသတင်း - BNI ကို ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က၊ နိုင်ငံတကာ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တချို့၊ ဥပဒေပညာရှင်များရှေ့မှောက်တွင် မြန်မာနိုင်ငံက စစ် အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုယ်တွေ့ ခံစားရသူများအပါအဝင်  ကိုယ်စားပြု သက်သေထွက်ဆိုခဲ့သူ မြန်မာအမျိုးသမီး ၁၂ ဦးက သက်သေခံ ထွက်ဆိုခဲ့ကြသည်။

ကိုယ်စားသက်သေထွက်ဆိုခဲ့သူ အမျိုးသမီးတဦးက “အင်မတန်အားရဖို့ကောင်းပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းက လူကြီးတွေ၊ နယူးယောက် အခြေစိုက် မီဒီယာသမားတွေအပြင်၊ ပုရိတ်သတ်အတော်များများက နားထောင်နေကြပါတယ်။ သူတို့တွေ အတော်စိတ်မကောင်းဖြစ်ကြတယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု ဆိုသည်။

သက်သေထွက်ဆိုသူများတွင် မိမိယုံကြည်ချက်ကြောင့် ထောင်တွင်း အကျဉ်းကျခံခဲ့ဖူးသူ အမျိူသမီး အပါအဝင်၊ စစ်တပ်၏ အဓမ္မလုပ်အားပေး ခိုင်းစေမှုများ၊ တိုင်းရင်းသူများကို မုဒိန်းပြုကျင့်မှုများနှင့် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဒေသခံများ အဓမ္မရွှေ့ပြောင်းမှုများကြောင့် ဆုံးရှံုးမှုများ တွေ့ကြံုခံစားခဲ့ရသည့် မိသားစုဝင်တို့ ပါ၀င်သည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မြောက်ပိုင်းရှိ ချင်းတွင်းမြစ်ပေါ်တွင် မီကာဝပ် ၁၂၀၀ ထုတ်လုပ်မည့် ထမံသီရေအားလျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြောင့် ကူကီးလူမျိုးစု အများဆုံးနေထိုင်ရာ ကျေးရွာပေါင်း ၃၀ ထက်မနည်း၊ အိမ်ခြေ ၂၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရသည့်အပြင်၊ မိရိုးဖလာ လုပ်ကိုင်စားသောက် နေသည့် ဘိုးဘွားပိုင် လယ်မြေ အများအပြား ဆုံးရှံုးခဲ့ရသည်။

“နှစ်ပေါင်း ၅၀ ကျော်နေထိုင်လာခဲ့တဲ့ ဘိုးဘွားပိုင်အမွေတွေဖြစ်တဲ့ အိမ်၊ လယ်ယာမြေ၊ ဥယျဉ်ခြံမြေတွေကို စွန့်လွှတ်ခဲ့ရတဲ့အတွက် ကျမတို့ မိသားစု ၀င်တွေ အားလုံး စိတ်ထိခိုက်ခဲ့ရပါတယ်” ဟု အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်တွင် လက်ရှိနေထိုင်သူလည်းဖြစ်၊ စီမံကိန်းကြောင့် အဓမ္မပြောင်းရွှေ့ ခံခဲ့ရသည့် မိသားစုများထဲက တဦးဖြစ်သည့် Esther Nem က မိသားစုဝင်များ ဆုံးရှုံးမှုများကို အသေးစိတ်ပြောပြခဲ့သည်။

အိန္ဒိယ-မြန်မာ ပူးတွဲဆောက်လုပ်မည့် ထိုရေအားလျှပ်စစ် စီမံကိန်းကို လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့သည်။

အိန္ဒိယနိုင်ငံ NHPC ခေါ် နိုင်ငံလုံးဆိုင်ရာ ရေးအားလျှပ်စစ်ထုတ်လုပ်ရေးကော်ပိုရေးရှင်း ကတာဝန်ယူတည်ဆောက်မည့် ထိုစီမံကိန်းမှ ထွက်ရှိလာမည့် ရေအားလျှပ်စစ် ဓာတ်အား ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ ရောင်းချမည်ဖြစ်ကာ၊  ကျန်ရှိနေသည့် ၂၀ ရာခိုင်နှုန်းသာ ဒေသခံများ အကျိုးကျေးဇူး ခံစားရမည်ဖြစ်သည်။

စစ်အစိုးရသတ်မှတ်ပေးထားသည့် ရွှေပြည်သစ် နေရာသစ်တွင် ပြောင်းရွှေ့ခံခဲ့ရသည့် အိမ်ခြေ ၂၀၀၀ ကျော်မှ မိသားစုဝင်များမှာ စားဝတ်နေရေး အတွက် ယနေ့ထိတိုင် ခက်ခဲစွာ ရုန်းကန်နေကြရဆဲဖြစ်သည်။

ထိုစီမံကိန်းအကျိုးဆက်အဖြစ် ဒေသခံများကို အဓမ္မလုပ်အားပေးခိုင်းစေမှုများရှိခဲ့သည်။

မိမိယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရာမှ ပြန်လည်လွှတ်မြောက်လာသူ အမျိုးသမီးတဦးကလည်း ထောင်တွင်းနေထိုင်ရစဉ်က ထောင် အာဏာပိုင်များ၏ မဖွယ်မရာ ဆက်ဆံခံခဲ့ရသည့်အပြင် စိတ်ပိုင်းဆိုင်ရာ ချိုးနှိမ်မှုများ တွေ့ကြံု ခံစားခဲ့ရကြောင်း သက်သေထွက်ဆိုချက်များက ထင်ဟပ် စေခဲ့သည်။

ထိုနည်းတူ ကချင်ပြည်နယ်က တိုင်းရင်းသူ အမျိုးသမီးလေးဦးကို စစ်သားများက အုပ်စုလိုက်၊ မုဒိမ်းပြုကျင့်ခဲ့သည့်အပေါ် ပြည်ပသတင်းဋ္ဌာနတခုက ထုတ်လွှင့်ခဲ့အပြီး ၎င်းတို့ ၄ ဦး၊ ကျောင်းထုတ်ခံခဲ့ရပြီး၊ နောက်ဆုံးတွင် ထောင်ဒဏ်အပြစ်ပေးခြင်း ခံခဲ့ရကာ၊ ပြန်လည်လွတ်မြောက်လာကြသည်။

ထို့အပြင် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းရှိ ကူကီးလူမျိုးစုများနေထိုင်ရာ ဖိုင်လင်းကျေးရွာတွင် စစ်တပ်က နေအိမ်တချို့ မီးရှို့ဖျက်ဆီး ခဲ့ပြီး အပြစ်မဲ့ ခရစ်ယာန်ဓမ္မဆရာ ၂ ဦးအပါအဝင် ရွာသူကြီးတို့ကို သတ်ဖြတ်ကာ၊ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်။

သေဆုံးသူ ရွာသူကြီး ဇနီးသည်ကိုလည်း ထောင်ဒဏ်ပေးကာ အရေးယူခဲ့သေးသည်။

ကိုယ်ဝန်ဆောင် မိခင်၊ တိုင်းရင်းသူတဦးကို စစ်အစိုးရတပ်များက ပေါ်တာထမ်းစေရန် ခေါ်ဆောင်သွားသော်လည်း နေ့အခါတွင် ပေါ်တာထမ်းစေပြီး၊ ညအချိန်တွင် စစ်သားများ၏ အုပ်စုလိုက် မုဒိမ်းပြုကျင့် ခံခဲ့ရသူ တိုင်းရင်းသူ တဦးက သက်သေထွက်ဆိုခဲ့သည်။

၂၀၀၃ ခုနှစ်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့်အတူ ၎င်းတို့ကိုထောက်ခံသူများအား ဒီပဲရင်း စည်းရုံးရေး ခရီးစဉ်အတွင်း စစ်အစိုးရ ဘက်ခံပေးထားသည့် စွမ်းအားရှင်နှင့် ကြံ့ခိုင်ရေးအသင်းဝင်တို့ အစီစဉ်တကျ နှိမ်နင်းခဲ့ သည့် ဒီပဲရင်း လူသတ်ကွင်း မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ တွေ့ကြံုခဲ့သူ မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးမှူးတဦးကလည်း သက်သေထွက်ဆိုခဲ့သည်။

မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာ ရောက်ကြောင်း သဏ္ဍန်တူခုံရုံးတွင် ကြားနာခဲ့ကြသည့် ဥပဒေပညာရှင် ၄ ဦးက သုံးသပ်ကြသည်။

ဥပဒေပညာရှင် ၄ ဦးတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ၂ ဦးဖြစ်ကြသည့် ဂျိုဒီဝီလီယံနှင့် ရှီရင်းအီဘာတီ၊ တောင်ကိုးရီးယားနိုင်ငံမှ ပါမောက္ခ စိန်ဆူးရှင်း နှင့် ထိုင်းနိုင်ငံ ချုလာလောင်ကွန်း တက္ကသိုလ်က ဥပဒေပညာရှင် ပါမောက္ခ ဗီတစ်မွန်တာဘွန် တို့က မြန်မာအမျိုးသမီး ၁၂ ဦး၏ သက်သေထွက်ဆိုချက်များကို ကြားနာ ခဲ့ကြသည်။

စစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူနှင့် ကျူးလွန်စော်ကားမှုများကို ပပျောက်ရန် လုပ်ဆောင်ခြင်းထက်၊ အစိုးရတရပ် အနေဖြင့် ပျက်ကွက် နေကြောင်း ထွက်ဆိုချက်များက ထောက်ပြနေသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း ဒေသခံများကို အခကြေးငွေမပေးပဲ၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများအကြောင်း ရခိုင်အမျိုးသမီးတဦးကလည်း ထွက်ဆိုခဲ့သေးသည်။

ထွက်ဆိုချက်များသည် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တွင် ဆွဲချက်တင်နိုင်ရန် လုံလောက်သည့် အထောက်အထားများ ဖြစ်စေနိုင်ကြောင်း ကိုယ်စားသက်သေထွက်ဆိုခဲ့သူ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ သဘာပတိဘုတ်အဖွဲ့ဝင် တဦးဖြစ်သူ မငိုင်ငိုင်း က BNI ကို ယခုလိုပြောသည်။

“သက်သေတွေက အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ICC မှာ အရေးယူနိုင်ဖို့ နဲ့ လုံခြံုရေးကောင်စီအနေနဲ့ တိကျတဲ့ အရေးယူမှု တစုံတရာ ယူဖို့အတွက် တိကျတဲ့ အထောက်အထား ရှိလာတဲ့အတွက် တခုခု မျှော်လင့်ချက်ရှိပါတယ်” ဟု ပြောသည်။

ထိုခရီးစဉ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းနှင့် မြန်မာအမျိုးသမီးခေါင်းဆောင်တချို့တို့ တွေ့ဆုံခဲ့ရာတွင် ဖြစ်ပေါ်နေသည့် ပြဿနာအလုံးစုံကို လုံခြံုရေးကောင်စီတွင် တင်ပြပေးရန် တောင်းဆိုခဲ့ကြသည်။

စစ်အစိုးရ၏ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ကျူးလွန်နေမှုများအပေါ် အတွင်းရေးမှုး ဘန်ကီမွန်းက ဒေါသထွက်မိကြောင်း ပြည်ပမီဒီယာများက ဖော်ပြရေးသားခဲ့ကြသည်။

ယခုလ ဒုတိယအပတ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ်အိုဂျေ ကွင်တားနား Tomás Ojea Quintana က စစ်အစိုးရ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့ကာ စုံစမ်းစစ်ဆေးသွားရန် ဂျီနီဗာရှိ၊ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ (UNHRC) ကို အစီရင်ခံစာ တင်သွင်းခြင်းဖြင့် အကြံပြုခဲ့သည်။

အစီရင်ခံစာတွင် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် “ရုတ်ရင်းကြမ်းတမ်းပြီး၊ စနစ်တကျ ကျုးလွန်နေသည့် အသွင်ဆောင်နေကာ” နှစ်ပေါင်းများစွာ အစပြုခဲ့ပြီး ယနေ့ထိတိုင် ဆက်တိုက်ကျင့်သုံးနေကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများသည် “အစိုးရ အုပ်ချုပ်ရေး အာဏာပိုင်များ၊ စစ်အစိုးရအရာရှိကြီးများ၊ တရားစီရင်ရေးဌာနများကပါ ပါ၀င်ပတ်သက် နေခြင်းဖြင့် အစိုးရတခု၏ ပေါ်လစီရလဒ်ကြောင့်ဖြစ်ကြောင်း” ဟု အစီရင်ခံစာက ဆိုသည်။

ထို့ကြောင့် ချိုးဖောက်မှုဖြစ်စဉ်အချို့ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် စစ် ရာဇဝတ်မှုများ” အဖြစ် သတ်မှတ်နိုင်သည် ဟုလည်း ဖော်ပြထားသည်။

အစိုးရတရပ်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်စေရေး တာဝန်ယူဆောင်ရွက်မှု ပျက်ကွက်နေသည့်အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ပါက မြန်မာအမျိုးသမီး ၁၂ ဦး၏ ရင်ဖွင့် ထွက်ဆိုချက်များသည် တစုံတရာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။

“ကျမတို့ခံစားချက်၊ လိုအပ်ချက်တွေကို စစ်အစိုးရက နားမထောင်တဲ့အတွက် ဒီမှာလာပြီး ပြောပြရတာ ရင်ဖွင့်လိုက်သလိုမျိုး ခံစားရပါတယ်” ဟု မတ်လ (၂) ရက်နေ့၊ နယူးယောက်မြို့၊ နိုင်ငံတကာ ခုံရုံးပုံစံသဏ္ဍန်တူ ခုံရုံးတခုတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မိမိကိုယ်တွေ့ကြံု အဖြစ်အပျက်များဖြင့် ဖွင့်ဟပြောဆို ခဲ့သည်။