နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့့် နိုင်ငံရေးပါတီများ၏ အမြင်သဘောထားများ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့့် နိုင်ငံရေးပါတီများ၏ အမြင်သဘောထားများ
by -
ကိုသိုက်
မြန်မာစစ်အစိုးရမှ ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲနှင့်ပက်သက်သည့်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်လိုက်ခြင်းအပေါ်  NCUB ခေါ်  ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီမှ ကျေညာချက်ထုတ်ပြန်ကြေညာထားပါသည်။  ၄င်းကြေညာချက် ထုတ်ပြန်ရသည့်....

မြန်မာစစ်အစိုးရမှ ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲနှင့်ပက်သက်သည့်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်လိုက်ခြင်းအပေါ်  NCUB ခေါ်  ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီမှ ကျေညာချက်ထုတ်ပြန်ကြေညာထားပါသည်။  ၄င်းကြေညာချက် ထုတ်ပြန်ရသည့် ရည်ရွယ်ချက်ကို့မူ NCUB ခေါ်အတွင်းရေးမှူး(၃) ဗိုလ်မှူးကြီးခွန်ဥက္ကာအား ဆက်သွယ် မေးမြန်းရာမှာ ယခုလိုပြောပါသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ တစ်ခုထဲကိုကြည့်တာနဲ့ပဲ ရွေးကောက်ပွဲရဲ့သဘော သဘာဝဟာ တစ်ဖက်သတ် ဖြစ်နေတယ်ဆိုတာ ပေါ်လွင်နေတယ်။  ဒါကြောင့် ကျွန်တော်တို့က ရသလောက်ယူမယ်။ နောက်ပြီးတော့ အခြေအနေပေး သလောက်ကို ဝင်လုပ်မယ်ဆိုတဲ့ အဖွဲ့အနေနဲ့ လူတွေကို သတိပေးတဲ့အနေနဲ့ ခပ်စောစောက ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲနှင့်ပက်သက်သည့်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေထုတ်ပြန် ခြင်းအပေါ် ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးအေးသာအောင်မှလည်း နိုင်ငံရေးအခင်းအကျင်း တခုဖန်တီးပေးရန်လိုအပ်ကြောင်းပြောပါသည်။

နိုင်ငံရေးပါတီတွေကို လိုက်တားဆီးပိတ်ပင်မှုတွေ ပါလာလိမ့်မယ်ဆိုတာမျိုးတွေကိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လိုက်နာရမယ်ဆိုတာမျိုး ပါလာလိမ့်မယ်လို့ တွက်တော့တွက်ထားတယ်။ ဒါပေမဲ့ ဒီလောက်အထိ ဆိုးဆိုးဝါးဝါး ထောင်ဒါဏ်ကျနေတဲ့လူတွေ ရွေးကောက်ပွဲထဲမှာ အရွေး မခံရတာတို့ ပါတီဝင်အဖြစ်ကနေ ထွက်ပစ် ရတာတို့ ပြီးတော့ ဒီအပစ်ဒါဏ်ကျနေလို့ အယူခံဝင်နေတဲ့ ဆိုရင်တောင် ပါတီခေါင်းဆောင်မဖြစ်ရဘူး။ ပါတီဝင်မဖြစ်ရဘူး။ ပါတီဝင်ဖြစ်ရင်လည်း ပါတီကနေထုတ်ပယ်ပစ် ရမယ် ဆိုတဲ့အခြေအနေအထိ ဆိုးဆိုးဝါးဝါးဟုတ်လား ကန့်သန့်ထားတဲ့ဟာလေးတွေ  ပါလာလိမ့်မယ်လို့တော့ မထင်ခဲ့ဘူး။ အခုတော့ အဲဒီလောက်အထိ ကန့်သန့် ထားတာ မျိုးတွေ ပါလာတာကိုတော့ ကျွန်တော်တို့တွေ့ရတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပါတီမှတ်ပုံတင် ဥပဒေ တွေထက် ရွေးကောက်ပွဲတွေကို ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအခင်းအကျင်းတွေ အနောက်နိုင်ငံတွေကတောင်းဆိုနေတဲ့ အားလုံးနိုင်ငံရေး ပါတီတွေပါဝင်နိုင်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့လိုတယ်ဆိုတာမျိုးပေါ့နော်။ ကျွန်တော်တို့ကထဲ့ပစ်ချင်တယ်။

သို့သော် (၂ဝ၁ဝ)ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသော ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဒေါက်တာခင်ဇော်ဝင်းက စစ်အစိုးရမှ ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေများနှင့်ပက်သက်၍ သူ၏ အမြင်သဘောထားတွေကို ယခုလိုပြောခဲ့ပါသည်။

သာမန်ပြည်သူတွေကျတော့ သိပ်ပြီးတော့အကောင်းဘက်မမြင်ကျဘူးဗျ။ ဒီဥပဒေတွေကို ဒီအတိုင်း ဖတ်ခြင်းအားဖြစ်တော့ ဘာမှအပစ်အနာအဆာ မရှိပါဘူး။ သို့သော် မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေအရ က ဒီဥပဒေမူကြမ်းတွေကို ဒီလူတွေဒီအဖွဲ့တွေကို မပါဝင်နိုင်အောင်ပေါ့လေ လုပ်သလို ဖြစ်နေတယ်ဗျ။ ဥပဒေ အနေနဲ့ကြည့်မယ် ဆိုရင်တော့ တဖက်နိုင်ငံဥပဒေလည်း ထို့နည်း၄င်းရှိနေကြတာပေါ့ဗျ။ ဒါတွေကြောင့်ပေါ့နော် ဥပဒေ အတွေးလိုဘဲ ကြည့်မယ်ဆိုရင် ဘာမှအပစ်မတွေ့ပါဘူး။ အစထဲက ပေါ့လေနော့ အားလုံးပါဝင် နိုင်တဲ့အနေအထားရော ကျွန်တော်တို့ မျှော်လင့် လာတယ်ပေါ့။ နောက်တခုကလဲ ဒီဥပဒေကို မျှော်တာလဲကြာပြီး။ ဖြစ်လာတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့က သိပ်ပြီးတော့ဒါကိုထူးထူး ခြားခြား ရယ်လို့တော့ မတွေ့ပါဘူး။ သို့သော်ပြည်တွင်းမှာ တုန့်ပြန်မှုကတော့ ကတိကအောက်ဖြစ်သွားတယ်။ အဲဒါကတော့ ရှင်းရှင်းပြောလို့ရတယ်လေ။ ကျွန်တော့်အနေနဲ့တော့ သိပ်ပြီးတော့မဆန်းပါဘူးလေ။ ကျွန်တော်တို့လဲဟို မျှော်လင့်တာပေါ့ဗျာ။ အခြေအနေတွေကတော့ ဒိထက်တော့ ပိုပြီးတော့ ဆိုးမသွား ပါဘူး။ ရမ်းမသွားပါဘူး လို့ကျွန်တော်တို့တော့ မျှော်လင့်ပါတယ်။

သို့သော် NCUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီအနေနှင့် လက်ရှိ ရွေးကောက်ပွဲ အားပြည်သူများမှ စစ်အစိုးရနှင့်ပူးပေါင်းမှုမလုပ်ဘဲ သပိတ်မှောက် လမ်းစဉ်ကို ကျင့်သုံး သွားလျှင်ပို၍ ထိရောက် သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ယခုလိုပြောပါသည်။

ရွေးကောက်ပွဲဖြစ်ဖြစ်၊ (၂ဝဝ၈)ဖွဲ့စည်းပုံဖြစ်ဖြစ်ဟာ စစ်တပ် ကစစ်တပ်ပဲ။ ဒါကြောင့် ဘယ်လိုမှ ပူးပေါင်းပါဝင်ဖို့ သို့တည်းမဟုတ် အားပေးဖို့ သိိုု့တည်းမဟုတ် အထဲမှာ ရှိတဲ့ လူဖြစ်ဖြစ်၊ အပြင်မှာ ရှိတဲ့လူဖြစ်ဖြစ်၊ နိုင်ငံရေးပါတီပဲဖြစ်ဖြစ်၊ မဲဆန္ဒရှင်ပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ အားလုံးက ပူးပေါင်း ဆောင်ရွက်မှုမလုပ်ကြဘူဖို့၊ ကိုယ့်အိမ်မှာကိုယ်နေ၊ ကိုယ့်ဟာကိုယ်ပဲထိန်းထား ပြီးတော့ နအဖကိုသပိတ်မှောက်ထားလိုက်လို့ရှိရင် သူဟာသူ ရပ်သွားလိမ့်မယ်။ သူ့ဟာသူ အရှက်တကွဲ အကျိုး နည်းဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်ယုံကြည် တယ်ဗျား။

မြန်မာစစ်အစိုးရသည် ၁၉၉ဝပြည့်ရွေးကောက်ပွဲရလာဒ်အား ပယ်ဖျက်ခဲ့သလို ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးအရ တည်ရှိမှုကို စိန်ခေါ်လိုက်သည်ဟုဆိုပါသည်။    ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသား များ အားလုံးကို နိုင်ငံရေးလုပ်ငန်းစဉ်များတွင်ပါဝင်ခွင့်မရှိအောင် စနစ်တကျ လုပ်ဆောင်ထားခြင်း၊  (၂ဝဝ၈) ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို အခိုင်အမာကိုင်စွဲထားပြီး စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်ရေး ကိုသာ အဓိကရည်ရွယ်ထားသည့် ဥပဒေဖြစ်နေခြင်းကြောင့် ဒီမိုကရေစီကျင့်စဉ်များနှင့် ကိုက်ညီမှုမရှိဟု ပြည်တွင်း ဝါရင့် နိုင်ငံရေးသမားများက သုံးသပ်ထားပါသည်။

Most read this week