ကော်မီတီ ၅ ဦး မပြည့်၍ ရခိုင်မှ ရုံးအများအပြား ဖွင့်ခွင့် မရ

ကော်မီတီ ၅ ဦး မပြည့်၍ ရခိုင်မှ ရုံးအများအပြား ဖွင့်ခွင့် မရ
by -
မောင်အေး
ကော်မီတီ ၅ ဦး မပြည့်လျှင် ရုံးမဖွင့်ရဟု အာဏာပိုင်များက တားမြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အဖွဲ့ချုပ်ရုံး အများအပြားကို မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေသည်ဟု စစ်တွေမှ အဖွဲ့ချုပ် အဖွဲ့ဝင် လူကြီး တဦးက...

ကော်မီတီ ၅ ဦး မပြည့်လျှင် ရုံးမဖွင့်ရဟု အာဏာပိုင်များက တားမြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အဖွဲ့ချုပ်ရုံး အများအပြားကို မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေသည်ဟု စစ်တွေမှ အဖွဲ့ချုပ် အဖွဲ့ဝင် လူကြီး တဦးက ပြောသည်။

သူက “ ဒီကနေ့ နံနက်က သံတွဲနဲ့ မြောက်ဦးမှာ အဖွဲ့ချုပ် မြို့နယ် ရုံးတွေကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကျန်နေတဲ့ မြို့နယ်ရုံးတွေကိုတော့ ဖွင့်ခွင့် မရသေးပါဘူး။ ကော်မီတီ ၅ ဦး မပြည့်တဲ့ အတွက် ဖြစ်ပါတယ်” ဟု သူက ပြောသည်။

သံတွဲနှင့် မြောက်ဦးရှိ အဖွဲ့ချုပ်ရုံးများကို မတ်လ ၁၁ ရက်နေ့ နံနက်က ဖွင့်လှစ်နိင်ခဲ့ပြီး အဖွဲ့ချုပ် အဖွဲ့ဝင် အများအပြားလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

အလားတူ စစ်တွေတွင် ပြည်နယ် အဖွဲ့ချုပ် ရုံးကို မတ်လ ၁၁ ရက်နေ့ နံနက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း စစ်တွေရုံး အဆောက်အအုံကို အာဏာပိုင်များက ဖိအားပေးသဖြင့် အိမ်ပိုင်ရှင်မှ ဖြိုယူ သွားခဲ့သည် သိရသည်။

“သူတို့က အဖွဲ့ချုပ် ရုံးတွေကို ဖွင့်လှစ်ခွင့် ပေးတယ်ဆိုပေမယ့် ကန့်သတ်ချက်တွေ၊ တင်းကျပ်မူတွေ အများကြီး ရှိနေပါသေးတယ်။ ခုလို ကန့်သတ်ချက်တွေ ရှိနေတဲ့ အတွက် ရခိုင်မှာ မြို့နယ် ၂ ခုမှာဘဲ ရုံးဖွင့်လှစ်နို်င်ပါသေးတယ်။”

သို့သော်လည်း များကြာမှီ ကျောက်ဖြူ၊ တောင်ကုတ်နှင့် မာန်အောင်မြို့နယ်များတွင် အဖွဲ့ချုပ်ရုံးများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သူက ပြောဆိုသွားသည်။