အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး

အမေရိကန်သံတမန် မြန်မာသို့ လည်ပတ်ရန် ဆွေးနွေး
by -
မုံပီး
ဒေသအတွင်း ခရီးလှည့်လည်သွားရောက်နေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ်သည် မြန်မာနိုင်ငံကို လာရောက် လည်ပတ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက...

ဒေသအတွင်း ခရီးလှည့်လည်သွားရောက်နေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ်သည် မြန်မာနိုင်ငံကို လာရောက် လည်ပတ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက အတည်ပြု ပြောကြားသည်။

အရှေ့တောင်အာရှ နိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အလည်အပတ်သွားနေသူ မစ္စတာကင်းဘဲလ်သည် သောကြာနေ့တွင် ဘရူနိုင်းမှ မလေးရှားသို့ သွားရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ပါ သွားရောက်ရေးအတွက် စစ်အစိုးရနှင့် ဆွေးနွေးနေသည်ဟု ဆိုသည်။

”ခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတုန်းပါ” ဟု သံရုံးအရာထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကင်းဘဲလ်သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းသည် လွန်ခဲ့သည့် ၁၄ နှစ်အတွင်း ပထမဆုံး ရောက်ရှိလာသည့် အမေရိကန်၏ အဆင့်မြင့်ဆုံး အရာရှိဖြစ်သည်။ အမေရိကန်က ထိတွေ့ဆက်ဆံရေး မူဝါဒသစ် ပြောင်းလဲကျင့်သုံးပြီးနောက် ပထမဆုံး လည်ပတ်မှုလည်း ဖြစ်သည်။

ဝါရှင်တန်၏ နေပြည်တော်အပေါ် ပေါ်လစီက ယခင်ဂျော့ဘုရှ်အစိုးရလို မဟုတ်ဘဲ၊ ပိတ်ဆို့အရေးယူမှုရော ထိတွေ့ဆက်ဆံရေးမူပါ ပြောင်းလဲကျင့်သုံးလာခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ယခုလ ၁ဝ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မစ္စတာ ကင်းဘဲလ်က မြန်မာစစ်အစိုးရ ထုတ်ပြန်ကြေညာခဲ့သော ရွေးကောက်ပွဲဥပဒေသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရှိစေရန် ပိတ်ပင်ထားသည့်အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

”တွေ့နေရသလောက် စိတ်ပျက်စရာပါပဲ။ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ တိုက်တွန်းပါတယ်” ဟု သူက ပြောသွားသည်။

မစ္စတာ ကင်းဘဲလ်၏ အာရှခရီးစဉ်သည် ယခုလ ရ ရက်နေ့တွင် စတင်ခဲ့ပြီး၊ စင်္ကာပူသို့ လည်ပတ်ခဲ့ပြီး ဖြစ်သည်။ သူ၏ ခရီးစဉ်တွင် ထိုင်း၊ လာအို၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် တိုကျိုတို့လည်း ပါဝင်သည်။

(မုံပီးသည် အိုကလာဟိုးမားမြို့တွင် အခြေစိုက်နေထိုင်သော မဇ္ဈိမ၏ အထူးသတင်းထောက် ဖြစ်သည်။)