မြန်မာ စစ်အာဏာရှင်များအား ဆန့်ကျင်ရှံ့ချသည့်အနေဖြင့်၂၀၀၈ ဖွဲ့စည်းပုံနှင့် အလံတော်အား နင်းချေ မီးရှို့ခြင်း အခမ်းအနားတစ်ရပ်ကို အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်ယိုးပြည်နယ်၊ အိုင်ခရွန်မြို့၌ ယမန်နေ့ကကျင်းပခဲ့ကြောင်း သတင်းပေးပို့ချက်အရ သိရသည်။
ယင်းအခမ်းအနားကို ထိုဒေသရှိအဝေးရောက်မွန်တိုင်းရင်းသားများဦးဆောင်ကျင်းပခဲ့ကြပြီး ကရင်တိုင်းရင်းသားများလည်း တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအား ကိုယ်စားမပြုသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေစာအုပ်နှင့် ကြယ် (၁၄) ပွင့်ပါ ပြည်ထောင်စု အလံတော်အား နင်းချေကြပြီး မီးရှို့ခဲ့ကြသည်။
မကြာမီရက်ပိုင်းက နအဖက၂၀၁၀ ရွေးကောက်ပွဲဥပဒေထုတ်ပြန်ခဲ့ပြီး ယမန်နေ့နံနက်တွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းပဒေထပ်မံ ထွက်လာရာ နအဖစစ်အစိုးရအပေါ် ကမ္ဘာအနှံ့မှ ဝေဖန်သံများ ပိုမိုပြင်းထန်လာသည်ကို တွေ့ရှိနေရသည်။
လာမည့်ရွေးကောက်ပွဲ၌ မွန်တိုင်းရင်းသားများအား ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအဖွဲ့အစည်းများ မတွေ့ရှိရသေးပေ။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF နှင့် အပစ်ရပ်မွန်ပြည်သစ်ပါတီ NMSP တို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဟု သတင်းများ ထုတ်ပြန်ကြေညာခဲ့သည်။
၁၉၉၂ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ပါတီတရားဝင်ရပ်တည်ခွင့်ကို စစ်အစိုးရက ပယ်ဖျက်ခဲ့သည်။
တဖန် ယခင်ကမတရားအသင်းကြေညာထားရာမှ ၁၉၉၅ တွင်မွန်ပြည်သစ်ပါတီအား တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့သည့်အခမ်းအနားပြုလုပ်ကာ အပစ်အခတ်ရပ်စဲ ခဲ့ကြသည်။